သက်တံ့
၃၁. ၈. ၂၀၂၆
ဟန်ဂေရီနိုင်ငံတွင် လေယာဉ်မောင်းသူတစ်ဦးသည် လေယာဉ်ငယ်တစ်စီးကို ခိုးယူမောင်းနှင်ပြီးနောက် နျူကလီးယားဓာတ်အားပေးစက်ရုံအနီးရှိ နေကြာစိုက်ခင်းတစ်ခုအတွင်းသို့ ပျက်ကျခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည်။
ဟန်ဂေရီနိုင်ငံ (Hungary)၊ ဘာချ်-ကစ်ရှ်ခွန်း (Bács-Kiskun) ခရိုင်အတွင်းရှိ ခလိုဆာ (Kalocsa) မြို့တွင် တည်ရှိသော ခလိုဆာ (Kalocsa) လေယာဉ်ကွင်းမှ ခိုးယူလာသည်ဟု ယူဆရသည့် Cessna အမျိုးအစား လေယာဉ်ငယ်တစ်စီး ပျံတက်သွားခဲ့ပြီးနောက် ဟန်ဂေရီအာဏာပိုင်များသည် အသံထက်မြန်သော တိုက်လေယာဉ် နှစ်စီးကို အရေးပေါ်စေလွှတ်ခဲ့ရသည်။
၎င်းသည် လေယာဉ်ကို ပက်စ် (Paks) နျူကလီးယားဓာတ်အားပေးစက်ရုံဝန်းကျင်ရှိ ကန့်သတ်လေပိုင်နက်အတွင်းသို့ မောင်းနှင်သွားခဲ့ပြီး စက်ရုံအထက်တွင် လေယာဉ်ဖြင့် စွန့်စားကစားသည့် ပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
တပ်မတော်ရေဒါတွင် ဆက်စနာလေယာဉ်ကို စတင်တွေ့ရှိခဲ့ပြီးနောက် Gripen တိုက်လေယာဉ်များကို စေလွှတ်၍ နောက်ယောင်ခံလိုက်ကင်းလှည့်စေခဲ့ရာ အဆိုပါလေယာဉ်သည် မြို့တော် ဘူဒါပက်စ် (Budapest) ၏ တောင်ဘက် ၈၄ မိုင်ခန့်အကွာ တိုလန် (Tolan) ခရိုင်ရှိ နေကြာစိုက်ခင်းတစ်ခုအတွင်းသို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်။
အသက် ၂၄ နှစ်အရွယ် လေယာဉ်မောင်းသူသည် ပျက်ကျသွားသည့် လေယာဉ်ပေါ်မှ ထွက်လာချိန်တွင် အရက်သေစာ သောက်စားထားသည့် လက္ခဏာများ တွေ့ရှိရသည်။
ဟန်ဂေရီရဲတပ်ဖွဲ့ (Rendorseg) ၏ ပြောကြားချက်အရ သံသယရှိသူသည် လမ်းဘေးဖြတ်မောင်းသွားသည့် မော်တော်ကားတစ်စီးကို လုယူ၍ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးရန်ပင် ကြိုးပမ်းခဲ့သေးသည်။
၎င်းတွင် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသည့် ရဲအရာရှိများက ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီဖြစ်သည်။
ခလိုဆာ လေယာဉ်ကွင်းကို ဟန်ဂေရီ လေကြောင်းအာဏာပိုင်အဖွဲ့နှင့် ပူးပေါင်း၍ ပူးတွဲစစ်ဆေးမှုများ ပြုလုပ်နေပြီး အခြားသော လေဆိပ်များတွင်လည်း အလားတူ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဟန်ဂေရီ ကာကွယ်ရေးဝန်ကြီး ရိုမူလူးစ် ရုစ်ဇင်း-ဇန်ဒီ (Romulusz Ruszin-Szendi) က အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ Facebook တွင် မျှဝေခဲ့ပြီး “ထူးဆန်းသော သတိပေးချက်” ဟု ခေါ်ဆိုခဲ့ပြီး “ဟန်ဂေရီ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လေထုထဲမှာရော မြေပြင်မှာပါ ၂၄ နာရီပတ်လုံး အသင့်ရှိနေပါတယ်။ ဒါပေမဲ့ အဓိကအကျဆုံးကတော့ လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရတာမရှိတာပါပဲ။ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ပေးခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ကျေးဇူးတင်ပါတယ်” ဟု ရေးသားထားသည်။
Ref: Metro
