၃၁.၈.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးတွင် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနများနှင့် ART ဆေးပေးဌာနစုစုပေါင်း ၆၂ ခုဖြင့် HIV လူနာ ၇၀၂၅၃ ဦးအား ART ဆေးများ အခမဲ့ဖြန့်ဝေ၊ ကုသပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက ဩဂုတ် ၃၁ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့တွင် ပြောကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဝေယံပိုင်၏ “ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကျန်းမာရေးဦးစီးဌာနတို့အနေဖြင့် HIV လူနာများအတွက် အသက်တမျှ အရေးကြီးသော ART ဆေးဝါးများကို ပြတ်လပ်မှုမရှိစေဘဲ လုံလောက်စွာဖြင့် အဆင်ပြေချောမွေ့စွာ ထုတ်ပေးနိုင်ရန် လက်ရှိတွင် မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကိုသိရှိလိုခြင်းနှင့် ဆေးထုတ်လိုသော လူနာများအတွက် ပိုမိုအဆင်ပြေ လွယ်ကူစေရန် လက်ရှိ ဆေးထုတ်ပေးလျက်ရှိသည့် အချိန်နှင့်နေရာများ တိုးချဲ့ဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားမှုအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက ” ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၆ ခုနှစ် ဇွန်လအထိ အချက်အလက်များအရ HIV လူနာ ၇၀၂၅၃ ဦးအတွက် ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးဌာနများနှင့် ART ဆေးပေးဌာန စုစုပေါင်း ၆၂ ခု ရှိပါတယ်။ ၆၂ ခု၏ စာရင်းများကို Powerpoint ဖြင့် တင်ပြထားပါတယ်။ အဆိုပါ ၆၂ ခုတွင် ART ဆေးဝါးများကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ART ဆေးဝါးဝယ်ယူရန်အတွက် ဘဏ္ဍာငွေ ခွဲဝေပေးရာတွင် ART ဆေးဝါးများ လုံးဝ ပြတ်လပ်မှုမရှိစေရန် ရည်ရွယ်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဘဏ္ဍာငွေ ခွဲဝေရာတွင် အခြားရောဂါများထက် ပိုမို ဦးစားပေး ကျခံသုံးစွဲပေးလျက်ရှိရာ အဆိုပါ ART ဆေးဝါးများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နှစ်စဉ်လုံလောက်စွာ တွက်ချက် ဝယ်ယူလျက်ရှိပြီး လူနာများအား ပုံမှန် ရက်ချိန်း တစ်ကြိမ်လျှင် ၃ လစာစီ အခမဲ့ ထုတ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် တစ်နိုင်ငံလုံးရှိ ART လူနာစုစုပေါင်း၏ သုံးပုံတစ်ပုံနီးပါးကို အခမဲ့ ဆေးဖြန့်ဝေကုသပေးလျက်ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။





ထို့ပြင် လက်ရှိအခြေအနေအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနာများအတွက် ဖွင့်လှစ်ထားသော ART ဆေးပေးဌာန ၆၂ ခုရှိသော်လည်း နယ်မြေအားလုံးနီးပါးတွင် နယ်မြေလွှမ်းခြုံနိုင်မှုရှိပြီး ဆေးထုတ်သည့် လူနာများအတွက် ဆေးထုတ်သည့် အချိန်ကိုလည်း အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ လူနာများ၏ လိုအပ်ချက်အရ ပုံမှန်ရက်ချိန်းထက် စော၍ ဆေးလာရောက်ထုတ်ယူလိုပါကလည်း လူနာများ ဆေးမပြတ်လပ်စေရေးကို ဦးစားပေးအဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများသည်လည်း ART ဆေးထုတ်လူနာများကို မိသားစုဝင်များသဖွယ် နွေးထွေးစွာ ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိပြီး လက်ရှိ လူဦးရေ၊ ဆရာ/ဆရာမ ဦးရေမှာလုံလောက်မှုရှိခြင်းကြောင့် လက်ရှိ ဆေးထုတ်ပေးနေသည့် အချိန်နှင့် နေရာများမှာ ပြည့်စုံလုံလောက်မှုရှိကြောင်း လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ပြန်လည်ဖြေကြားခဲ့သည်။





ဆက်လက်၍ ART ဆေးပေးဌာနများတွင် ဆေးဝါးများပြတ်လပ်မှုမရှိစေရန်အတွက် တာဝန်ရှိသူများကို သင်တန်းပေးခြင်း၊ လူနာမှတ်တမ်းများကို OpenMRS စနစ်ဖြင့် စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းခြင်း၊ DHIS2 Platform နှင့် လချုပ်၊ သုံးလပတ်နှင့် နှစ်ချုပ်အစီရင်ခံစာများ ဖြည့်သွင်းခြင်းတို့အပါအဝင် နှစ်စဉ် Forecasting Meeting များ ကျင်းပ၍ ART ဆေးဝါးလိုအပ်ချက်ကို ကြိုတင်တွက်ချက် ဝယ်ယူခြင်း စသည့် လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လူမှုရေးရာဝန်ကြီးက ဖြေကြားခဲ့သည်။
HIV လူနာများအတွက် ပိုးကောင်ရေစစ်ဆေးခြင်းအပါအဝင် အခြားလိုအပ်သည့် သွေးစစ်ဆေးခြင်းများကိုလည်း အခမဲ့ ဆောင်ရွက်ပေးလျက်ရှိပြီး HIV လူနာများတွင် ကိုယ်ခံအားကျဆင်းပြီး အခွင့်အရေးယူဝင်ရောက်လာသော ရောဂါများကိုလည်း အထူးကုဆေးရုံကြီးများနှင့် ပြည်သူ့ဆေးရုံကြီးများတွင် အခမဲ့ကုသပေးလျက်ရှိကြောင်း လူမှုရေးရာဝန်ကြီးက ပြောကြားခဲ့သည်။
