သက်တံ့
၃၁. ၈. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တစ်ဝန်းတွင် ၂၀၂၁ ခုနှစ်မှစ၍ လူဦးရေ ၂၆,၅၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ရူပီး ၃,၂၅၃ ကုဋေ (ကျပ် ဘီလျံ ၁,၅၀၀ ခန့်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဟီမန္တ ဘိဿဝါ ရှာမား (Himanta Biswa Sarma) က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါး အမြောက်အမြားသည် မြန်မာနိုင်ငံမှ စတင်ထွက်ရှိလာခြင်းဖြစ်ပြီး မီဇိုရမ်၊ မဏိပူရ ပြည်နယ်များရှိ လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် အာသံပြည်နယ်အတွင်းသို့ ဝင်ရောက်ကာ အိန္ဒိယနိုင်ငံ၏ ကျန်ရှိသော ဒေသများသို့ ဆက်လက်ဖြန့်ဖြူးနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“၂၀၂၁ ခုနှစ်ကတည်းက #AssamAgainstDrugs ဆိုတဲ့ ကျွန်တော်တို့ရဲ့ သီးသန့် ရည်မှန်းချက်နဲ့အတူ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအေဂျင်စီတွေဟာ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေကို နေ့စဉ်မပြတ် နှိမ်နင်းခဲ့ကြပါတယ်။ စစ်ဆင်ရေး စတင်ချိန်ကတည်းက ရူပီး ၃,၂၅၃ ကုဋေကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၂၆,၅၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တာမို့ ကိန်းဂဏန်းတွေကပဲ သက်သေပြနေပါတယ်” ဟု ရှာမားက လူမှုမီဒီယာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
ဖမ်းဆီးရမိသူ အရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် ၄,၁၇၅ ဦး ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၄,၉၀၁ ဦးအထိ နှစ်စဉ် ပုံမှန် မြင့်တက်လာခဲ့ကြောင်း၊ ယင်းမှာ တစ်ကြိမ်တစ်ခါမျှ ပြုလုပ်သည့် နှိမ်နင်းမှုမဟုတ်ဘဲ မူးယစ်ဆေးဝါးအပေါ် “အရှိန်အဟုန်မပျက် စနစ်တကျ ဆင်နွှဲသည့် စစ်ပွဲ” ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောကြားခဲ့သည်။
BJP ပါတီသည် အာသံပြည်နယ်တွင် ဒုတိယအကြိမ်မြောက် ဆက်တိုက် အာဏာရရှိခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် ရှာမားသည် ပထမဆုံးအကြိမ် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ မူးယစ်ဆေးဝါး သယ်ဆောင်သည့် မူလအစနှင့် လမ်းကြောင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ်က “အာသံပြည်နယ်ဟာ ပထဝီဝင်အနေအထားအရ ခက်ခဲတဲ့ နေရာမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ရှိပြီး မီဇိုရမ်နဲ့ မဏိပူရတို့ကနေတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်းပိုင်းအထိ မကြာခဏ သယ်ဆောင်လေ့ရှိတဲ့ မူးယစ်ဆေးဝါးတွေအတွက် ဖြတ်သန်းသွားလာရာ စင်္ကြံတစ်ခု ဖြစ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် မူးယစ်ခေါင်းဆောင်များသည် ပြည်နယ်နယ်နိမိတ် ပြင်ပမှနေ၍ မကြာခဏ စေခိုင်းလေ့ရှိရာ ယင်းမှာ အာသံပြည်နယ် တစ်ခုတည်း တိုက်ခိုက်ရမည့် တိုက်ပွဲမဟုတ်သည့် အကြောင်းရင်းပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီနေရာမှာ ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုနဲ့ ဗဟိုအစိုးရရဲ့ မယိမ်းမယိုင် ထောက်ပံ့မှုတွေက အမှန်တကယ် ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တာပါ။ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်နိုင်ခဲ့တယ်၊ ပြည်နယ်အချင်းချင်း နယ်စပ်စောင့်ကြည့်မှုတွေကို တိုးမြှင့်နိုင်ခဲ့တယ်၊ ပိုမိုတိကျတဲ့ သတင်းအချက်အလက် မျှဝေတာတွေနဲ့ မူးယစ်ဆေးဝါးတွေ ထပ်မံ မပြန့်ပွားခင် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ကြားဖြတ်ဟန့်တားနိုင်ဖို့ နည်းပညာတွေကို တပ်ဆင်အသုံးပြုနိုင်ခဲ့ပါတယ်” ဟု ရှာမားက ပြောကြားခဲ့သည်။
ထို့အပြင် အာသံပြည်နယ် ရဲတပ်ဖွဲ့သည် သီးခြားခွဲထွက် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ မူးယစ်ဆေးဝါး အန္တရာယ်ကို ပပျောက်စေရန် အမျိုးသားအဆင့် သန္နိဋ္ဌာန်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref: Telangana Today
