၃၁.၈.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း ၁၃၃၃ ဦးရှိပြီး ယင်းတို့ထဲမှ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများဆက်လက် တာဝန်ထမ်းဆောင်နေရေး၊လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အရှိန်အဟုန်မပျက်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့်အညီ စိစစ်လျက်ရှိပြီး စိစစ်တွေ့ရှိမှုပေါ် မူတည်၍ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ဩဂုတ် ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌
ပြောကြားခဲ့သည်။


တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့တွင် ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်မင်းထက်၏ “၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနှင့် အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ရွေးချယ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ ” ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က “လက်ရှိမှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း ၁၃၃၃ ဦး ရှိရာ ယင်းတို့အထဲမှ လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်ရှိသူ၊ ရပ်ရွာဒေသက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူ၊ နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏ အကျိုးကို စေတနာထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်နိုင်သူ၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများဆက်လက် တာဝန်ထမ်းဆောင်နေရေး၊ လက်ရှိရရှိပြီးသော လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ စားဝတ်နေရေးများကို အရှိန်အဟုန်မပျက်စေရေးတို့အတွက် တည်ဆဲ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနှင့်အညီ စိစစ်လျက်ရှိပါကြောင်းနှင့် စိစစ်တွေ့ရှိမှုပေါ် မူတည်၍ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရပ်ကွက်စုစုပေါင်း ၇၄၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၂၁ အုပ်စု၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာအုပ်စု ၁၃၆၁ ခုရှိပြီး ၃၁ ရပ်ကွက်မှာ လူနည်းအိမ်ခြေနည်းပါးခြင်းကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်အပ်၍ မရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမရှိသော ရပ်ကွက်များဖြစ်ကြောင်း သိရသည်။
