သက်တံ့
၂၉. ၈. ၂၀၂၆
ယခုနှစ်အတွင်း ယူကရိန်းဘက်က ရုရှား၏ အများပြည်သူသုံး ဘတ်စ်ကား အစင်းရေ ၁၇၀ နီးပါးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်သုံးဦး အပါအဝင် စုစုပေါင်း ရုရှားအရပ်သား ၄၃ ဦး သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အထူးတာဝန်ထမ်းဆောင်သူ သံအမတ်ကြီး ရိုဒီယွန် မီရော့ရှ်နစ်က် (Rodion Miroshnik) က နိုင်ငံပိုင် TASS သတင်းဌာနသို့ ပြောကြားခဲ့သည်။
“ဩဂုတ်လ ၂၇ ရက်အထိ စာရင်းတွေအရ ၂၀၂၆ ခုနှစ် စတင်ချိန်ကတည်းက ယူကရိန်း လက်နက်ကိုင်အဖွဲ့တွေဟာ ဘတ်စ်ကား ၁၆၇ စင်းကို တိုက်ခိုက်ခဲ့ပါတယ်။ အရွယ်မရောက်သေးသူ ၁၇ ဦး အပါအဝင် စုစုပေါင်း ၃၂၉ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ကလေး ၃ ဦး အပါအဝင် ၄၃ ဦး သေဆုံးခဲ့ပါတယ်” ဟု မီရော့ရှ်နစ်က်က ပြောသည်။
မီရော့ရှ်နစ်က် ၏ ပြောကြားချက်အရ လွန်ခဲ့သည့် သုံးလအတွင်း အဆိုပါ တိုက်ခိုက်မှုများ ပိုမို အရှိန်အဟုန် မြင့်မားလာခဲ့ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ သုံးလအတွင်း အထူးသဖြင့် ခရီးသည်အများအပြား တင်ဆောင်နိုင်တဲ့ ဘတ်စ်ကားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။ ဒီယာဉ်တွေဟာ အရပ်သားတွေကို တင်ဆောင်ပေးနေတာဖြစ်ပြီး ယာဉ်ပေါ်မှာ ကလေးငယ်တွေလည်း ပါဝင်နေတာ သေချာပါတယ်” ဟု မီရော့ရှ်နစ်က်က ဆက်လက်ပြောကြားခဲ့သလို “ယူကရိန်းဘက်က ဒီယာဉ်တွေကို သူတို့ရဲ့ တိုက်ခိုက်မှု ဒါမှမဟုတ် အကြမ်းဖက်မှုတွေအတွက် ပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်” ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ရုရှားသံတမန်၏ ပြောကြားချက်အရ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များသည် ၎င်းတို့၏ ဒရုန်းများတွင် တပ်ဆင်ထားသည့် AI နည်းပညာကို ခရီးသည်တင် ဘတ်စ်ကားများကို သီးသန့်ရွေးချယ် ပစ်ခတ်ရန် စီမံထားကြောင်း သိရသည်။
“ယူကရိန်းဘက်က တိုက်ခိုက်မှု အများစုမှာ အသုံးပြုနေတဲ့ ဒရုန်းတွေဟာ AI နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အခြားပစ်မှတ်တွေအပြင် ဘတ်စ်ကားတွေကိုပါ တိုက်ခိုက်ဖို့ သီးသန့် အစီအစဉ်ဆွဲ (Configure) ထားတာကို သတိပြုမိပါတယ်။ အဲဒီအတွက်ကြောင့်လည်း သေပျောက်ဒဏ်ရာရသူ စာရင်းနဲ့ စုစုပေါင်း တိုက်ခိုက်မှု အရေအတွက်ဟာ ဒီလောက်အထိ မြင့်မားနေတာ ဖြစ်ပါတယ်” ဟု မီရော့ရှ်နစ်က်က ပြောကြားခဲ့သည်။
Ref: TASS
