သက်တံ့
၂၉. ၈. ၂၀၂၆
Myanmar League တွင် ကစားနေသူ Chinland FC ဘောလုံးအသင်းမှ နောက်တန်းကစားသမားတစ်ဦး တစ်ပတ်ကြာ ပျောက်ဆုံးနေရာမှ ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း Chinland FC ဘောလုံးအသင်းက ယနေ့ ကျေးဇူးတင်လွှာ အသိပေး ထုတ်ပြန်သည်။
Chinland FC ဘောလုံးအသင်းမှ ကျောနံပါတ် (၅) ဝတ်ဆင်ကစားသူ ပါလျန်း (Pa Lung) သည် ပြီးခဲ့သည့် စနေနေ့ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ပြီး အသင်းမှ ငါးရက်ကြာ အစွမ်းကုန်ရှာဖွေသော်လည်း ရှာမတွေ့ခဲ့သဖြင့် ဩဂုတ် ၂၇ ရက်က ပြည်သူများ ကူညီရှာဖွေပေးပါရန် လူမှုကွန်ရက်တွင် အကူအညီတောင်းခံခဲ့သည်။
“Chinland FC ၏ ကစားသမား Pa Lung သည် (၇) ရက်ကြာ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးနောက် ယခုအခါ ဘေးကင်းစွာ ပြန်လည်တွေ့ရှိခဲ့ပြီး အသင်းနှင့်လည်း ပြန်လည်ပူးပေါင်းနေပြီဖြစ်ကြောင်း Chinland FC မှ ဝမ်းမြောက်စွာဖြင့် အများပြည်သူသို့ အသိပေးအပ်ပါသည်။ Pa Lung သည် မိခင်ဖြစ်သူ၏ ကျန်းမာရေး အထူးအရေးပေါ်အခြေအနေကြောင့် အသင်းထံ အကြောင်းကြားနိုင်ခြင်းမရှိဘဲ နေရပ်သို့ အရေးပေါ်ပြန်သွားခဲ့ရခြင်းဖြစ်ပါသည်။ ခရီးလမ်းတွင် ဖုန်းအားကုန်သွားခြင်းနှင့် အခြားဆက်သွယ်ရေးအခက်အခဲများကြောင့် အသင်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် Pa Lung နှင့် အဆက်အသွယ်ပြန်လည်ရရှိပြီး အသင်းသို့လည်း ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်သောကြောင့် မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေများ၊ ချစ်ခင်အားပေးသူများနှင့် စိတ်ပူပန်ပေးခဲ့ကြသူများအားလုံး စိတ်အေးချမ်းနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။”ဟု Chinland FC က ကျေးဇူးတင်လွှာ ဖော်ပြသည်။
ထို့ပြင် Pa Lung နှင့် အဆက်အသွယ်ပြတ်တောက်သွားသည့်အချိန်မှစ၍ Chinland FC အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းတွင် တရားဝင်အမှုဖွင့်တိုင်ကြားခဲ့ပြီး၊ အသင်းတာဝန်ရှိသူများကလည်း (၅) ရက်ကြာ အစွမ်းကုန် လိုက်လံရှာဖွေခဲ့ကြကြောင်း၊ အချိန်ကြာမြင့်လာသော်လည်း မည်သည့်အဆက်အသွယ်မျှ မရရှိခဲ့သည့်အတွက် ကစားသမား၏ ဘေးကင်းလုံခြုံရေးကို အထူးစိုးရိမ်ကာ အများပြည်သူ၏ အကူအညီရရှိနိုင်ရန် တရားဝင်သတင်းထုတ်ပြန်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျွန်တော်တို့၏ ကစားသမား Pa Lung ကို ဘေးကင်းစွာ ပြန်လည်တွေ့ရှိနိုင်ခဲ့ခြင်းအတွက် အထူးဝမ်းမြောက်မိပါကြောင်း၊ ဤကာလအတွင်း Pa Lung ၏ ဘေးကင်းလုံခြုံရေးအတွက် စိတ်ပူပန်ပေးခဲ့ကြသူများ၊ ရှာဖွေရေးတွင် ကူညီပေးခဲ့ကြသူများ၊ သတင်းများ မျှဝေပေးခဲ့ကြသူများ၊ ဆုတောင်းမေတ္တာပို့သပေးခဲ့ကြသူများအားလုံးကို Chinland FC မိသားစုမှ နှလုံးသားအပြည့်ဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ကူညီပေးခဲ့သည့် Myanmar Football Federation (MFF)၊ Myanmar National League (MNL) မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ Media များအားလုံး ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာအဖွဲအစည်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ Pa Lung အား ဘေးကင်းစွာ ပြန်လည်တွေ့ရှိနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကူညီပေးခဲ့ကြသူ တစ်ဦးချင်းစီအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းလည်း Chinland FC ဘောလုံးအသင်းက မှတ်တမ်းတင်ဖော်ပြထားသည်။
