သက်တံ့
၂၉. ၈. ၂၀၂၆
အိန္ဒိယနိုင်ငံ ပန်ဂျဘ် (Punjab) ဒေသမှ လူမှုကွန်ရက်တွင် နာမည်ကျော်သူ ပန်ဂျာဘီ (ပန်ချာပီ) အမျိုးသမီး မန်ဂျီးတ် ကော (Manjeet Kaur) သည် ချန်ဒီဂါမြို့မှ ပြန်ပေးဆွဲခံရပြီးနောက် မိုရင်ဒါမြို့အနီးရှိ တောအုပ်အတွင်းသို့ ခေါ်ဆောင်ကာ သစ်ပင်တွင် ကြိုးတုပ် မီးရှို့ခံခဲ့ရအပြီး နှစ်လနီးပါးအကြာ PGIMER ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။
ကော သည် ပြင်းထန်သော မီးလောင်ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေစဉ် ဩဂုတ် ၂၆ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
သူမ၏ မိခင်ဖြစ်သူ ကန်တာ ဒေဝီ (Kanta Devi) က ရဲစခန်းသို့ လာရောက် တိုင်ကြားခဲ့ပြီးနောက် ချန်ဒီဂါ ရဲတပ်ဖွဲ့က ပြန်ပေးဆွဲမှု၊ လူသတ်မှုတို့ဖြင့် အမှုဖွင့် အရေးယူထားသည်။
ကောသည် သတိပြန်ရလာချိန်တွင် ထွက်ဆိုချက်ပေးရန် ဆန္ဒရှိခဲ့သော်လည်း ပန်ဂျဘ် ရဲတပ်ဖွဲ့က ထွက်ဆိုချက် ရယူရန် ပျက်ကွက်ခဲ့သည့် စွပ်စွဲချက်များကြောင့် ရဲတပ်ဖွဲ့၏ တာဝန်ယူမှုအပေါ် မေးခွန်းများ ထွက်ပေါ်လျက်ရှိသည်။
◾️ ပြန်ပေးဆွဲ တိုက်ခိုက်ခံရမှုဖြစ်စဉ်
မိခင်ဖြစ်သူ ကန်တာ ဒေဝီ၏ တိုင်ကြားချက်အရ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နှင့် ၄ ရက် အကူး ညသန်းခေါင်ယံအချိန်တွင် ကော၏ မိတ်ဆွေနှစ်ဦးဖြစ်သူ ရှူးဘီး (Shubhi) နှင့် ပင်ဒါ (Pinda) တို့က ကောကို ချန်ဒီဂါရှိ Sector 34 အရပ်သို့ ခေါ်ယူခဲ့သည်။ ၎င်းတို့သည် ကောကို ကိုယ်ထိလက်ရောက် ကျူးလွန်ကာ မော်တော်ယာဉ်အတွင်းသို့ အတင်းအဓမ္မ တင်ဆောင်၍ ပန်ဂျဘ်ပြည်နယ်၊ မိုရင်ဒါမြို့အနီးရှိ တောအုပ်အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ လူနှစ်ဦးသည် ကောကို သစ်ပင်တွင် ကြိုးတုပ်ကာ မီးရှို့ပြီး ဖြစ်စဉ်နေရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ထို့နောက် အခြားမိတ်ဆွေတစ်ဦး ရောက်ရှိလာပြီး စောင်တစ်ထည်ဖြင့် မီးငြှိမ်းသတ်ပေးခဲ့သည်။ ကောကို မိုရင်ဒါရှိ ဆေးရုံသို့ ရှေးဦးစွာ ပို့ဆောင်ခဲ့ပြီးနောက် မိုဟာလီရှိ Max ဆေးရုံတွင် ကုသမှုပေးခဲ့ကာ၊ ထိုမှတစ်ဆင့် ချန်ဒီဂါရှိ PGIMER ဆေးရုံသို့ ပြောင်းရွှေ့ကုသပေးခဲ့ရာမှ ကွယ်လွန်ချိန်အထိ ကုသမှု ခံယူခဲ့ရသည်။
◾️ ရဲတပ်ဖွဲ့၏ တုံ့ပြန်မှုအပေါ် မေးခွန်းထုတ်မှုများ
အဆိုပါဖြစ်စဉ်ကြောင့် ခရာရ် ဆဒါရ် (Kharar Sadar) ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များအပေါ် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာခဲ့သည်။ သတင်းမြစ်များ၏ အဆိုအရ ကောသည် PGIMER ဆေးရုံတွင် ကုသမှုခံယူနေစဉ် သတိပြန်ရလာခဲ့ပြီး ထွက်ဆိုချက်ပေးရန် လိုလားခဲ့သည်။
ကော သို့မဟုတ် သူမ၏ မိတ်ဆွေတစ်ဦးက သတိရလာပြီးနောက် ဆေးရုံမှတစ်ဆင့် ရဲတပ်ဖွဲ့သို့ ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။ PGIMER ရဲစခန်းခွဲကလည်း ကော်သည် သတိရလာပြီး ထွက်ဆိုချက်ပေးနိုင်သည့် အခြေအနေတွင် ရှိကြောင်း ခရာရ် ဆဒါရ် ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။
အဆိုပါ အချက်အလက်များကို စုံစမ်းစစ်ဆေးရေးအရာရှိထံ အကြောင်းကြားခဲ့သော်လည်း ၎င်းသည် ဆေးရုံသို့ ရောက်ရှိလာခြင်း မရှိကြောင်း သိရသည်။ ထိုသို့ ဆက်သွယ်မှုနှင့် ပတ်သက်၍ PGI ရဲစခန်းခွဲတွင် နေ့စဉ်မှတ်တမ်း (DDR) ရေးထိုးခဲ့ကြောင်း သတင်းမြစ်များက ပြောသည်။
သို့သော်လည်း ကော ဆေးကုသမှုခံယူခဲ့သည့် နှစ်လနီးပါးကာလအတွင်း ကောနှင့် မိသားစုသည် မည်သည့်အမှုမျှ ဖွင့်လှစ်ခဲ့ခြင်း မရှိပေ။
◾️ ကွယ်လွန်ပြီးမှ အမှုဖွင့်လှစ်ခြင်း
ဩဂုတ် ၂၆ ရက်တွင် ကော် PGIMER ဆေးရုံ၌ ကွယ်လွန်သွားခဲ့ပြီးနောက် PGI ရဲစခန်းခွဲက ခရာရ် ဆဒါရ် ရဲစခန်းသို့ ထပ်မံအကြောင်းကြားခဲ့သည်။ ထို့နောက်မှ စုံစမ်းစစ်ဆေးရေးအရာရှိ ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။
ကော၏ မိခင်ဖြစ်သူကို ချန်ဒီဂါရှိ Sector 34 ရဲစခန်းသို့ ခေါ်ဆောင်ကာ ထွက်ဆိုချက်ရယူခဲ့ပြီး ဗုဒ္ဓဟူးနေ့ညတွင် FIR (ပထမသတင်းပေးတိုင်ကြားချက်) စတင်အမှုဖွင့်ခဲ့သည်။ ကြာသပတေးနေ့တွင် PGIMER ဆေးရုံ၌ အလောင်းခွဲစိတ်စစ်ဆေးခြင်း (Postmortem) ပြုလုပ်ခဲ့ပြီးနောက် ရုပ်အလောင်းကို မိသားစုထံ လွှဲပြောင်းပေးခဲ့သည်။
◾️ ချန်ဒီဂါ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု စတင်
ချန်ဒီဂါ ရဲတပ်ဖွဲ့သည် ပြန်ပေးဆွဲမှုနှင့် တိုက်ခိုက်မှုဖြစ်စဉ် ပတ်ဝန်းကျင် အခြေအနေများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ စုံစမ်းစစ်ဆေးသူများသည် ကော အဘယ်ကြောင့် Sector 34 သို့ သွားရောက်ခဲ့သည်၊ ပြန်ပေးဆွဲရာတွင် အသုံးပြုခဲ့သည့် ယာဉ်နှင့် တိုက်ခိုက်ရသည့် နောက်ကွယ်မှ အကြောင်းအရင်းတို့ကို စိစစ်နေသည်။
ရဲတပ်ဖွဲ့သည် Sector 34 နှင့် ပတ်ဝန်းကျင်ဒေသများမှ CCTV မှတ်တမ်းများကိုလည်း စစ်ဆေးလျက်ရှိသည်။ ချန်ဒီဂါမှ မိုရင်ဒါသို့ ခေါ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ယာဉ်ကို ခြေရာခံရန် တိုးဂိတ်များမှ ကင်မရာမှတ်တမ်းများကို စစ်ဆေးဖွယ်ရှိသည်။
ထို့အပြင် PGIMER သို့ မပြောင်းရွှေ့မီ ကုသမှုပေးခဲ့သည့် ဆေးရုံနှစ်ခုက အဆိုပါ အမှုအခင်းဆိုင်ရာ ဆေးဘက်ဆိုင်ရာဖြစ်စဉ် (MLC) ကို ရဲတပ်ဖွဲ့ထံ အကြောင်းကြားခြင်း ရှိမရှိကိုလည်း စုံစမ်းစစ်ဆေးသူများက စိစစ်သွားမည်ဖြစ်သည်။
◾️ ဖြစ်စဉ် အခြေအနေများကို စိစစ်မည်
ကောသည် ဆန်နီ အင်းကလေ့ဗ် (Sunny Enclave) တွင် နေထိုင်ပြီး မိခင်နှင့် မောင်ဖြစ်သူတို့မှာ ပန်ချ်ကူလာရှိ Sector 19 တွင် နေထိုင်ကြသည်။ ကန်တာ ဒေဝီသည် သမီးဖြစ်သူ ပြန်ပေးဆွဲ မီးရှို့ခံရမှုနှင့် ပတ်သက်၍ ပန်ဂျဘ် ရဲတပ်ဖွဲ့ထံ ယခင်က လာရောက်တိုင်ကြားခြင်း ရှိမရှိကိုလည်း ချန်ဒီဂါ ရဲတပ်ဖွဲ့က စိစစ်သွားမည်ဖြစ်သည်။
တိုင်ကြားခဲ့ဖူးပါက အဆိုပါ စွပ်စွဲချက်များအပေါ် မည်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို စုံစမ်းစစ်ဆေးသူများက စိစစ်မည်ဖြစ်သည်။
◾️ စုံစမ်းစစ်ဆေးသူများ ရင်ဆိုင်နေရသည့် မေးခွန်းများနှင့် ရဲတပ်ဖွဲ့ တုံ့ပြန်မှု
စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေစဉ် အောက်ပါ မေးခွန်းများမှာ အဖြေမထွက်သေးဘဲ ရှိနေသည် ထိုမေးခွန်းများမှာ ကောကို ချန်ဒီဂါမှ မိုရင်ဒါသို့ အဘယ်ကြောင့် ခေါ်ဆောင်သွားခဲ့သနည်း။ အဆိုပါ တိုက်ခိုက်မှုတွင် ရှူးဘီး နှင့် ပင်ဒါ တို့နှစ်ဦးတည်းသာ ပါဝင်ခဲ့ခြင်းလော။ PGIMER သို့ မပြောင်းရွှေ့မီ ကောကို ကုသပေးခဲ့သည့် ဆေးရုံနှစ်ခုသည် MLC ဖြစ်စဉ်ကို ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်း ရှိမရှိ။ ကော သို့မဟုတ် သူမ၏ မိသားစုသည် ပြန်ပေးဆွဲ မီးရှို့ခံရမှုနှင့် ပတ်သက်၍ ပန်ဂျဘ် ရဲတပ်ဖွဲ့ထံ ယခင်က ချဉ်းကပ် တိုင်ကြားခဲ့ဖူးခြင်း ရှိမရှိ။ တိုင်ကြားခဲ့ပါက မည်သည့် အရေးယူဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သနည်း။ PGI ရဲစခန်းခွဲက ထွက်ဆိုချက်ပေးနိုင်ကြောင်း အကြောင်းကြားခဲ့ပါသော်လည်း ကော၏ ထွက်ဆိုချက်ကို အဘယ်ကြောင့် ရယူခဲ့ခြင်း မရှိသနည်းဆိုသည့် မေးခွန်းများဖြစ်သည်။
ပန်ဂျဘ် ရဲတပ်ဖွဲ့က ပေါ့ဆမှု စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ ပြန်ပေးဆွဲမှု ဖြစ်စဉ်သည် ချန်ဒီဂါတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် အရေးယူဆောင်ရွက်မှုကို ချန်ဒီဂါ ရဲတပ်ဖွဲ့က ပြုလုပ်ရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထို့အပြင် ခရာရ် ဆဒါရ် ရဲတပ်ဖွဲ့အနေဖြင့် ကော၏ မိခင်ဖြစ်သူကို အပြည့်အဝ ကူညီပေးခဲ့ပြီး FIR အမှုဖွင့်လှစ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဆိုသည်။
ယခုအခါ စုံစမ်းစစ်ဆေးမှုကို ချန်ဒီဂါတွင် ပြန်ပေးဆွဲခံရချိန်မှစ၍ မိုရင်ဒါအနီး တိုက်ခိုက်ခံရချိန်အထိ အဖြစ်အပျက်များကို ပြန်လည် ဖော်ထုတ်ရေးအပေါ် အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကုသမှုခံယူနေစဉ် ကော၏ ထွက်ဆိုချက် ရယူနိုင်မည့် အခွင့်အရေးများ လွဲချော်ခဲ့ခြင်း ရှိမရှိကိုလည်း စိစစ်သွားမည်ဖြစ်သည်။
Ref: The Times of India
