သက်တံ့
၂၉. ၈. ၂၀၂၆
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကာဂျစ်စတန်နိုင်ငံ ဘစ်ရှကက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ အကြံပေး ယူရီ အူရှာကော့ဗ် က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ထို့နောက် သမ္မတသည် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) သို့ တက်ရောက်ရန် ရုရှား၏ အရှေ့ဖျားဒေသရှိ ဗလာဒီဗော့စတော့မြို့သို့ ခရီးဆက်မည်ဖြစ်သည်။ အူရှာကော့ဗ်၏ ပြောကြားချက်အရ ပူတင်သည် စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည့် EEF စုံညီအစည်းအဝေး၌ အဓိကမိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
ကရင်မ်လင်နန်းတော် အကြံပေး၏ ပြောကြားချက်အရ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို တို့သည် နိုင်ငံတကာခရီးစဉ်များ မစတင်မီ စနေနေ့ (ဩဂုတ် ၂၉ ရက်) တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများအပြီး၌ သီးသန့်တွေ့ဆုံပွဲ (Informal meeting) တစ်ခု ကျင်းပမည် ဖြစ်သည်။
ထို့နောက် ပူတင်သည် ဘစ်ရှကက်မြို့၌ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ယင်းထိပ်သီးအစည်းအဝေးမှ ဘစ်ရှကက် ကြေညာစာတမ်း အပါအဝင် စာချုပ်စာတမ်းပေါင်း ၂၀ မှ ၂၅ ခုအထိ ထွက်ပေါ်လာဖွယ် ရှိသည်။
ဩဂုတ် ၃၁ ရက်တွင် ပူတင်သည် ကမ္ဘာ့နိုမတ်အားကစားပြိုင်ပွဲ (World Nomad Games) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။ ၂၀၂၇ ခုနှစ်တွင် ကာဇန်မြို့၌ ကျင်းပမည့် (၇) ကြိမ်မြောက် ကမ္ဘာ့နိုမတ်အားကစားပြိုင်ပွဲကို SCO ထိပ်သီးအစည်းအဝေးတွင် တရားဝင် ကြေညာသွားမည်ဖြစ်သည်။
SCO ထိပ်သီးအစည်းအဝေး၏ ပြင်ပတွင်လည်း ပူတင်အတွက် နှစ်နိုင်ငံ သီးသန့်တွေ့ဆုံပွဲ ၉ ခု ပါဝင်ဆင်နွှဲရန် စီစဉ်ထားသည်။ ဩဂုတ် ၃၁ ရက်တွင် ပူတင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ၊ ကာဇက်စတန်သမ္မတ ကာဆင်-ဂျိုမတ် တိုကာယက်ဗ် တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
စက်တင်ဘာ ၁ ရက်တွင် ပူတင်သည် အီရန်သမ္မတ မာဆော့ ပီဇက်ရှ်ကီယန် နှင့် တွေ့ဆုံမည်ဖြစ်ရာ အူရှာကော့ဗ်က “နီးစပ်အရှေ့ပိုင်းဒေသရဲ့ မတည်ငြိမ်တဲ့ အခြေအနေနဲ့ အီရန်ပတ်ဝန်းကျင် အခြေအနေတွေကို ထည့်တွက်ရင် ဒီတွေ့ဆုံပွဲဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ သင်တို့ကိုယ်တိုင် နားလည်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ပူတင်သည် တူရကီသမ္မတ ရေးဂျက် တေးယစ် အာဒိုဂန် နှင့် တွေ့ဆုံကာ ယူကရိန်းအရေးနှင့် ပင်လယ်နက်ဒေသ အခြေအနေများကို ဆွေးနွေးမည်ဖြစ်သလို အာမေးနီးယား ဝန်ကြီးချုပ် နီကိန်း ဖာရှီနီယန် နှင့်တွေ့ဆုံရာတွင် အာမေးနီးယား၏ ဥရောပဘက်သို့ ဦးလှည့်သည့် မူဝါဒအကြောင်း ဆွေးနွေးမည်ဖြစ်သည်။
ယင်းအပြင် ဘစ်ရှကက်မြို့ SCO ထိပ်သီးအစည်းအဝေး ပြင်ပ၌ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နှင့် မွန်ဂိုလီးယား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ SCO ထိပ်သီးအစည်းအဝေး ပြီးဆုံးပြီးနောက် ရုရှားခေါင်းဆောင်သည် သတင်းထောက်များနှင့် တွေ့ဆုံစကားပြောဆိုမည်ဖြစ်သည်။
ဆက်လက်၍ ပူတင်သည် စက်တင်ဘာ ၁ ရက်မှ ၄ ရက်အထိ ဗလာဒီဗော့စတော့မြို့၌ ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) သို့ တက်ရောက်မည်ဖြစ်သည်။ စက်တင်ဘာ ၃ ရက် စုံညီအစည်းအဝေး၌ ပူတင်သည် “ထုံးစံအတိုင်း အလွန်အရေးကြီးသည့် ကိစ္စရပ် အများအပြားကို အဓိကထား၍ မိန့်ခွန်းကြီးတစ်ရပ် မိန့်ကြားသွားမည်” ဖြစ်ပြီး ယင်းမိန့်ခွန်းမှာ ဖိုရမ်၏ “အဓိက အခမ်းအနား” ဖြစ်လာမည်ဖြစ်သည်။
အဆိုပါ စုံညီအစည်းအဝေး၌ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ မွန်ဂိုလီးယား ဝန်ကြီးချုပ် ညာမ်အိုဆီရင် အုချ်ရယ်၊ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၁) ဦးညိုစော နှင့် တရုတ် ဒုတိယဝန်ကြီးချုပ် ဒင်းရှုရှန် တို့လည်း မိန့်ခွန်းများ အသီးသီး ပြောကြားကြမည်ဖြစ်သည်။
ဖိုရမ်ကာလအတွင်း စက်တင်ဘာ ၂ ရက်တွင် ပူတင်သည် တရုတ် ဒုတိယဝန်ကြီးချုပ်၊ မွန်ဂိုလီးယား ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာ ၃ ရက်တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နှင့် စီးပွားရေးနံနက်စာ စားသုံးသည့် ပုံစံဖြင့် ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်သည်။
အထက်ပါတွေ့ဆုံမှုများအပြင် စက်တင်ဘာလတွင် အမေရိကန် ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ခြေနှင့် ပတ်သက်၍မူ ကိယက်ဗ် (ယူကရိန်း) ဘက်မှ တိုက်ရိုက်သတင်းအချက်အလက် တစ်စုံတစ်ရာ မရရှိသေးကြောင်း ကရင်မ်လင်နန်းတော်က ပြောကြားခဲ့သည်။
Ref: TASS
