သက်တံ့
၂၉. ၈. ၂၀၂၆
မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ် Batu Lanchang ကုန်းကျော်တံတား (Flyover) ပေါ်မှ သွားလာနေသော မော်တော်ယာဉ်တစ်စီး၏ ရှေ့တည့်တည့်သို့ ရုတ်တရက် ပြုတ်ကျလာခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးသည် နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်မှုဖြစ်စဉ်တစ်ခုဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သောကြာနေ့ (ဩဂုတ် ၂၈ ရက်) မွန်းလွဲ ၄ နာရီ ၁၆ မိနစ်ခန့်တွင် Lam Wah Ee ဆေးရုံအနီးရှိ Batu Lanchang ကုန်းကျော်တံတားပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါအမျိုးသားသည် လမ်းမပေါ်သို့ ရုတ်တရက် ပြုတ်ကျလာကာ မော်တော်ယာဉ်တစ်စီးနှင့် တိုက်မိလုနီးအခြေအနေမှ သီသီလေး လွတ်မြောက်သွားသည့် ၂၂ စက္ကန့်စာ ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။
မြောက်ပိုင်းခရိုင် (Northeast district) ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး Abdul Rozak Muhammad က မြန်မာနိုင်ငံသားဟု ဆိုသည့် အဆိုပါ အမျိုးသားသည် တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်းမရှိသူ ဖြစ်ကြောင်းနှင့် Jelutong ရှိ Jalan Kurau တွင် ဖြစ်ပွားခဲ့သော နေအိမ်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

“ဒဏ်ရာရရှိသူ ဒါမှမဟုတ် သေဆုံးသူ မရှိပါဘူး။ မူလစုံစမ်းစစ်ဆေးချက်တွေအရ အဆိုပါသံသယရှိသူဟာ စိတ်ကျန်းမာရေး ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ရှိနေတာကို တွေ့ရပါတယ်” ဟု ရဲမှူးကြီးက ပြောဆိုသည်။
ဖြစ်စဉ်အတွင်း မလေးရှားရဲတပ်ဖွဲ့ထိန်းသိမ်းထားစဉ် ထွက်ပြေးခဲ့သည့် အဆိုပါမြန်မာအမျိုးသားမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း ရဲတပ်ဖွဲ့က ပြန်လည်ထိန်းသိမ်းထားသည်။
လက်ရှိတွင် ယင်းဖြစ်စဉ်ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၄၈ (နေအိမ်ကျူးကျော်မှု) နှင့် ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)(စီ) (တရားမဝင် နေထိုင်မှု) တို့ဖြင့် အရေးယူ စုံစမ်းစစ်ဆေးလျက်ရှိသည်။
အဆိုပါ ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ ယာဉ်မောင်းများနှင့် အများပြည်သူအကြား လိုအပ်သည်ထက် ပိုမိုစိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေနိုင်သည့် အခြေအမြစ်မရှိသော အယူအဆလွဲများ ပျံ့နှံ့အောင် မပြုလုပ်ကြရန်လည်း ရဲတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။
Ref: FMT & New Straits Times
