သတိုး
၃၀. ၈. ၂၀၂၆
MFF Futsal League တွင် ပါဝင်ယှဥ်ပြိုင်နေသော Gold Dream FC မှ လူငယ်ကစားသမားနှစ်ဦး ၁၁ ရက်ကြာ ပျောက်ဆုံးနေကြောင်းနှင့် ပြည်သူများ ကူညီရှာဖွေပေးပါရန် အသင်းက မေတ္တာရပ်ခံထားသည်။

Gold Dream FC အသင်းမှ MFF Futsal League (1) ၂၀၂၅ – ၂၀၂၆ တွင် ကစားလျက်ရှိသော ကျောနံပါတ်(၁၇) သီဟအောင်(၂၁ နှစ်) နှင့် လက်ရှိကျင်းပလျက်ရှိသော MFF U19 Youth Futsal League 2026 တွင် ကစားနေသည့် ကျောနံပါတ်(၁၁) စွမ်းထက်ကျော်(၁၈ နှစ်) တို့ နှစ်ဦး ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယင်းတို့နှစ်ဦးမှာ ဩဂုတ် ၁၉ ရက် နေ့လယ် ၃ နာရီတွင် စွမ်းထက်ကျော်သည် Royal Noka FC အသင်းနှင့် ယှဥ်ပြိုင်ကစားပြီး သုဝဏ္ဏဘောလုံးကွင်းမှ သီဟအောင်နှင့်အတူပြန်ကာ မြောက်ဒဂုံ (၅၀) ကွေ့ရောက်သည်အထိ အဆက်အသွယ်ရရှိခဲ့သည်။ ထိုနောက်ပိုင်းမှစ၍ ကစားသမားနှစ်ဦးလုံးနှင့် ယနေ့အချိန်အထိ အဆက်အသွယ်မရတော့သည်မှာ (၁၁)ရက်တိုင်တိုင်ရှိနေပြီဖြစ်သည်။

အသင်းဘက်ကလည်း အစွမ်းကုန်ကြိုးစားရှာဖွေလျက်ရှိပြီး သက်ဆိုင်ရာရဲစခန်းတွင်လည်း လူပျောက်အမှုဖွင့်တိုင်ကြားထားသလို MFF မှ တာဝန်ရှိလူကြီးများကလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျောက်ဆုံးနေသော ကစားသမားနှစ်ဦးအား မည်သည့်နေရာမဆို တွေ့ရှိသူ (သို့မဟုတ်) ပတ်သက်သောသတင်းအချက်အလက်များ ကြားသိခဲ့ပါက အသင်းအား အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးပါရန် Gold Dream FC ကမေတ္တာရပ်ခံထားသည်။

ထို့အပြင် ကစားသမားနှစ်ဦး၏ မိဘများလည်း စိုးရိမ်ပူပန်စွာ လိုက်လံရှာဖွေနေကြောင်း၊ မိဘပြည်သူများအားလုံးကလည်း ဝိုင်းဝန်းကူညီရှာဖွေ သတင်းမျှဝေ ပေးကြပါရန် အထူးမေတ္တာတောင်းခံကြောင်းနှင့် တွေ့ရှိသူများအနေဖြင့် အသင်းဖုန်း 09420294760 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
