သက်တံ့
၃၀. ၈. ၂၀၂၆
ဂျပန်နိုင်ငံ၊ ဆိုင်တာမခရိုင်၊ ဟိဂါရှိမဆူယာမမြို့ရှိနေအိမ်တွင် မွေးကင်းစကလေးငယ်၏ အလောင်းအား စွန့်ပစ်ထားခဲ့မှုဖြင့် အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်းအတတ်သင်ကျောင်းသူတစ်ဦးဖြစ်သည့် အဆိုပါအမျိုးသမီးငယ်သည် သြဂုတ်လ ၁၆ ရက်နှင့် သြဂုတ်လ ၂၇ ရက်တို့အကြား ၎င်း၏ တိုက်ခန်းအတွင်း၌ ယောက်ျားလေးဟု ယူဆရသည့် မွေးကင်းစကလေးငယ်၏ အလောင်းအား စွန့်ပစ်ထားခဲ့သည်ဟု သံသယရှိခံထားရကြောင်း Kyodo သတင်းတွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သြဂုတ်လ ၂၇ ရက်နေ့က ကိုယ်ဝန်ဆောင်အမျိုးသမီး (မြန်မာကျောင်းသူ) တစ်ဦး ၎င်း၏ဆေးခန်းသို့ လာရောက်ပြသခဲ့သော်လည်း သားအိမ်အတွင်း ကလေးမရှိတော့ကြောင်း သားဖွားမီးယပ်ဆရာဝန်တစ်ဦးက သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားခဲ့ရာမှ အဆိုပါဖြစ်စဉ်မှာ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့သည် အဆိုပါ ကျောင်းသူအမျိုးသမီး၏ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ ကလေးငယ်၏ အလောင်းကို တွေ့ရှိခဲ့ရသည်။
မြန်မာအမျိုးသမီးကို စစ်ဆေးမေးမြန်းရာတွင် နေအိမ်၌ “မီးဖွားပြီးနောက် ကလေးငယ်ကို ပလပ်စတစ်အိတ်ထဲထည့်ပြီး တိုက်ခန်းထဲမှာ ထားခဲ့တာပါ။ စွန့်ပစ်ထားခဲ့ဖို့ ဒါမှမဟုတ် ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိပါဘူး” ဟု ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ကိုးကားဖော်ပြခဲ့သည်။
ကလေးငယ်၏ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာ လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရှိရကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က မြန်မာကျောင်းသူကို အလောင်းစွန့်ပစ်မှု (Abandonment of a Corpse) သံသယဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်ပြီး ဖြစ်စဥ်အပေါ် ကလေးငယ်မှာ အသေမွေးဖွားခြင်းရှိ မရှိနှင့်၊ အသက်ရှင်လျက် မွေးဖွားပြီးမှ ပြုစုစောင့်ရှောက်ခြင်းမရှိ၍ သေဆုံးရခြင်း ဟုတ်မဟုတ် အချက်ကို အဓိက စစ်ဆေးနေသည်ဟု သိရသည်။
Ref: Japan Times
