သက်တံ့
၂၉. ၈. ၂၀၂၆
အနောက်တောင်မုတ်သုံလေ (Habagat) နှင့် အပူပိုင်းမုတ်သုံမုန်တိုင်းများဖြစ်ကြသည့် လူးဝစ် (Luis)၊ မေးမေး (Maymay) နှင့် နဲနင်း (Neneng) တို့၏ ပေါင်းစပ်ရိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း သေဆုံးသူ အနည်းဆုံး ၃၂ ဦးထိ ရှိလာပြီး တိုင်းနှင့် ပြည်နယ် ၁၀ ခုမှ ပြည်သူ ၈ သန်း (မိသားစုပေါင်း ၂ ဒသမ ၃ သန်းခန့်) ရေဘေးသင့်လျက်ရှိကြောင်း မြို့ပြကာကွယ်ရေးရုံး (OCD) က စနေနေ့ (ဩဂုတ် ၂၉ ရက်) တွင် ထုတ်ပြန်ခဲ့သည်။


သေဆုံးသူ စာရင်းတွင် ဘန်းဂတ်၌ ၁၅ ဦး၊ ရီဇာလ်နှင့် ဘတန်းဂတ်စ်တို့တွင် ၄ ဦးစီ၊ အနောက်မင်းဒိုရိုနှင့် ကာလိုအိုကန်တွင် ၂ ဦးစီ၊ လာယူနီယွန်၊ ကေးဇွန်၊ အရှေ့မင်းဒိုရိုနှင့် အနောက်နီးဂရော့စ်တို့တွင် ၁ ဦးစီ ပါဝင်ပြီး ကျန် ၁ ဦး၏ အသေးစိတ်အချက်အလက်များကို OCD က အတည်ပြုနိုင်ရန် လုပ်ဆောင်နေဆဲဖြစ်သည်။ သေဆုံးမှုများမှာ မြေပြိုမှု၊ ရေနစ်မှု၊ ကျောက်ခဲပြိုကျမှု၊ ဓာတ်လိုက်မှုနှင့် သစ်ပင်ပြိုလဲမှုတို့ကြောင့် ဖြစ်သည်။ ထို့အပြင် ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ကေးဇွန်၊ မနီလာနှင့် ဘတန်းဂတ်စ်တို့တွင် စုစုပေါင်း ၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။
ယမန်နေ့ ဩဂုတ် ၂၈ ရက်က ပမ်ပန်းဂါပြည်နယ်၊ လူဘောင်းမြို့ရှိ စတာရီတာ (Sta. Rita) ရေကာတာ ရေလျှံကျပြီး တာတမံကျိုးပေါက်ခဲ့ရာ ရေစီးကြောင်းကြောင့် အထပ်နှစ်ထပ်ပါ နေအိမ်တစ်လုံး တိုက်စားမျောပါသွားခဲ့သည်။ သို့သော် နေအိမ်ပြိုကျမသွားမီ နေထိုင်သူများ လုံခြုံစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ မရှိခဲ့ပေ။


လက်ရှိတွင် ဘန်းဂတ်၊ ဘာတန်း၊ ဘူးလက်ကန်၊ ပမ်ပန်းဂါ၊ ဇမ်ဘာလေ့စ်နှင့် ကာဗီးတီ ပြည်နယ်များအပါအဝင် ဒေသပေါင်း ၁၁၇ ခုကို ဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ထုတ်ပြန်ထားသည်။ ဒေသပေါင်း ၂၉၇ ခုတွင် ရေကြီးရေလျှံနေဆဲဖြစ်ပြီး ၎င်းတို့အနက် ၂၈၁ ခုမှာ ဗဟိုလူဇွန် (Central Luzon) ဒေသတွင် ဖြစ်သည်။
အခြေခံအဆောက်အအုံ ပျက်စီးမှုမှာ ပီဆို ၆ ဒသမ ၁၁ ဘီလီယံနှင့် စိုက်ပျိုးရေးကဏ္ဍ ပျက်စီးမှု ပီဆို ၂ ဒသမ ၃၂ ဘီလီယံ၊ စုစုပေါင်း ပီဆို ၈ ဒသမ ၄၃ ဘီလီယံအထိ ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့အပြင် နေအိမ် ၃,၀၀၀ နီးပါး ထိခိုက်ခဲ့သည့်အနက် ၃၄၉ အိမ်မှာ လုံးဝ ပျက်စီးသွားခဲ့သည်။
လက်ရှိတွင် ဖိလစ်ပိုင်အစိုးရက ရေဘေးသင့်မိသားစုများအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းနှင့် ရန်ပုံငွေ ပီဆို ၁ ဒသမ ၆၅ ဘီလီယံ ထုတ်ပေးထားပြီး လေထုပိုင်နက်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှုကြောင့် မုတ်သုံလေ တကျော့ပြန် အားကောင်းကာ မိုးဆက်လက်သည်းထန်နိုင်ကြောင်း သတိပေးထားသည်။
Ref: GMA & Manila Bulletin
