သက်တံ့
၂၉. ၈. ၂၀၂၆
ဖလမ်းမြို့ကို တပ်မတော်ကအလုံးစုံထိန်းချုပ်ပြီးနောက် တိုက်ပွဲရှောင်ပြည်သူများသည် နေရပ်သို့ပြန်လာကြရာ မေ ၆ ရက်မှ ဩဂုတ် ၂၇ ရက်အထိ ဖလမ်းမြို့ရှိ မြို့ပေါ်ရပ်ကွက် ရှစ်ခုသို့ ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၃၆၅၉ ဦးရှိပြီဖြစ်ကာ ဖလမ်းမြို့နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သူစုစုပေါင်း ၄၁၅၉၀ ရှိပြီဖြစ်ကြောင်း သိရသည်။
ယမန်နှစ် ၂၀၂၅ ခုနှစ် မေ ၆ ရက်က ချင်းလက်နက်ကိုင် အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏ ယာယီမြို့သိမ်းထိန်းချုပ်မှုကြောင့် ပြည်သူများ ထွက်ပြေးခဲ့ရသော်လည်း ပြီးခဲ့သည့် ဧပြီ ၂၅ ရက်တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့နယ်သန့်ရှင်းရေးများ လုပ်ဆောင်ခဲ့သလို ချင်းလက်နက်ကိုင်အကြမ်းဖက်များ ဖျက်ဆီးသွားသော နိုင်ငံပိုင် အဆောက်အအုံ ၂၀၀ ကျော်ကိုပါ ပြန်လည်ပြင်ဆင် မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ထို့နောက် ပြည်သူများ မိမိနေရပ်သို့ တစစ ပြန်လည်ဝင်ရောက်လာရာ မူလက လူဦးရေ ၅၅၀၀၀ ကျော်နေထိုင်သော ဖလမ်းမြို့နယ်တွင် မူလ လူဦးရေနီးပါး ပြန်လည်ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။

ယမန်နေ့ ညနေပိုင်းကလည်း ကလေး-ဖလမ်းလမ်းပိုင်း ဖလမ်းမြို့အဝင်တွင် ကလေးမြို့မှ ဖလမ်းမြို့သို့ နေရပ်ပြန်လာသည့် ဒေသခံပြည်သူ ၉၆ ဦးကို ကြိုဆိုနှုတ်ဆက်ခဲ့ပြီး နေရပ်ပြန်ဒေသခံပြည်သူများအား စာရင်းကောက်ယူနေမှု၊ ကော်ဖီနှင့်မုန့်တိုက်ကျွေးနေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ကြည့်ရှုအားပေးကာ ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ဖလမ်းမြို့တွင်း တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာအဆောက်အအုံများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြုပြင်တည်ဆောက်လျက်ရှိရာ ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ ပညာရေးဌာနဝန်ထမ်းအိမ်ရာပြုပြင်နေမှုနှင့် မူလတန်းလွန်ကျောင်းကျောင်းဆောင်ပြုပြင်နေမှု၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၂ ခန်းတွဲ ၂ ထပ်နှင့် ၄ ခန်းတွဲ ၂ ထပ်အိမ်ရာများ ပြုပြင်နေမှု၊ ကျင်မွာလ်ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့ ၆ ခန်းတွဲ ၂ ထပ်အိမ်ရာပြုပြင်နေမှု၊ ကျန်းမာရေးဌာနဝန်ထမ်းအိမ်ရာပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အအုံများအနက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိနေအိမ်၊ ဦးစီးအရာရှိ (မြို့ပြ) ရုံးနှင့် ဝန်ထမ်းအိမ်ရာများပြုပြင်ပြီးစီးမှု၊ မြန်မာ့စီးပွားရေးဘဏ်ရုံးအဆောက်အအုံ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံး ပြုပြင်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

