နေမိုး
၂၉. ၈. ၂၀၂၆
ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံညောင်ဦးမြို့နယ်အတွင်း NUG ဩဇာခံ PDF များ ထောင်ထားသည့်နင်းမိုင်းကို တက်နင်းမိသည့် ကျောင်းသားညီအစ်ကိုနှစ်ဦးမှာ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြရမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ PDF များ ကျူးလွန်မှုဖြစ်စဉ်မှာ ဩဂုတ် ၂၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်၍ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီတွင် ညောင်ဦးမြို့နယ်၊ ငါ့လင်းပုတ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ပညာသင်ကြားနေသည့် ချောင်းဝကျေးရွာနေ Grade-4 ကျောင်းသားဖြစ်သူ မောင်ထွန်းမင်းအောင်(၁၂)နှစ်သည် ၎င်း၏ညီဖြစ်သူ Grade-3 ကျောင်းသား မောင်ကောင်းပြည့်စုံ(၇)နှစ်နှင့်အတူ အဆိုပါကျောင်းမှ ချောင်းဝကျေးရွာသို့ ပြန်လာစဉ် ကျေးရွာအနီးရှိ ရေအိုးစင်၌ ရေဝင်သောက်စဉ် မောင်ကောင်းပြည့်စုံမှ PDF များ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်ထွန်းမင်းအောင်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုဂံညောင်ဦးဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သလို ပြည်တွင်းပြည်ပ ခရီးသွားများကိုသာ အမှီပြုစားသောက်ရသော ဒေသဖြစ်သော်လည်း ယမန်နှစ် ဇန်နဝါရီ ၅ ရက်တွင် ညောင်ဦးပကဖအဖွဲ့ဖြစ်သည့် ပုဂံပြည်ဘီလူးတပ်မှ PDF များက ပုဂံညောင်ဦးဒေသအတွင်း NUG ခိုင်းစေချက်နှင့်အညီ စစ်ဆင်ရေးလုပ်ဆောင်မည်ဟုကြေညာကာ လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ခရီးသွားပြည်သူများကို ပြန်ပေးဆွဲကာ ကျပ်သိန်းထောင်ချီဖြင့် ပြန်ရွေးခိုင်းခြင်း၊ ဆက်ကြေးကောက်ခြင်းများ အလွန်အကျွံ ကျူးလွန်လာသည့်အပြင် နေရာအနှံ့မိုင်းထောင်ခြင်းများကြောင့် တစ်နှစ်ခွဲအတွင်း လူ ၃၀ ကျော် သတ်ဖြတ်ခံရပြီးနောက် ခရီးသွားမဝင်သလောက်ဖြစ်လာသဖြင့် ဒေသခံပြည်သူများ စားဝတ်နေရေးအခက်ကြုံနေရကြောင်း သိရသည်။

