၂၉.၈.၂၀၂၆
Written By Thandar
အကယ်ဒမီကျော်ရဲအောင် ဦးဆောင်မှုနဲ့အတူ Helping Hands Donation အဖွဲ့က လေးမျက်နှာမြို့ ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တာတွေ ကိုယ်တိုင်သွားလှူဒါန်းနိုင်ခဲ့တာမို့ ပီတိဖြစ်ရပါတယ်လို့ သရုပ်ဆောင် စိုးသီဟက MT Entertainment ကိုပြောပါတယ်။
“ကျွန်တော်တို့ ရန်ကုန်ကနေ အဖွဲ့လိုက် လေးမျက်နှာကိုသွားလှူဖို့ ကြိုတင်ပြင်ဆင်ပြီးတော့ ငွေသားကို အဓိကလှူဖြစ်ခဲ့ပါတယ်။ ငွေသားကိုလည်း တစ်နေရာတည်းလှူတာ မဟုတ်ဘဲ နေရာစုံ တကယ်လိုအပ်တာ ဝယ်ယူနိုင်ဖို့ ကျွန်တော်တို့အဖွဲ့တွေ အလှူငွေတွေကို နေရာစုံရောက်ဖို့အတွက် ကိုဖြိုးမြတ်အောင်တို့၊ ပုလဲမြို့သစ်က မီးသတ်အဖွဲ့တွေ လှူဖြစ်တယ်။ ကိုယ်တိုင်သွားလှူချိန်မှာ ကားတွေပျက်တာတွေလည်း ကြုံရတာ အခက်အခဲတွေရှိပါတယ်။ ခုနစ်ရက်သားသမီးတွေရဲ့ အလှူငွေတွေကို တကယ်ဒုက္ခရောက်နေတဲ့ သူလက်ထဲရောက်စေချင်ခဲ့တယ်။ ပျက်တဲ့ကားကို လမ်းမှာထိုးပြီးသွားခဲ့တာပါ။ နောက်ဆုံး အလှူငွေကို တကယ်ခက်ခဲနေသူတွေ လက်ထဲရောက်အောင် လှူဒါန်းနိုင်လို့လည်း ပီတိဖြစ်ရပါတယ်။ နောက်သဘာဝတွေ ကြုံတွေ့သူတွေလည်း ကျွန်တော်တို့ တတ်နိုင်တဲ့အားနဲ့ ထပ်လှူဒါန်းသွားမှာပါ”လို့ သရုပ်ဆောင် စိုးသီဟက ပြောပါတယ်။
အဆိုပါအဖွဲ့မှာ အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ကျော်ရဲအောင်၊ ကေငြိမ်း၊ စိုးသီဟ စတဲ့သူတွေက လေးမျက်နှာမြို့ ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေ ကျပ်သိန်း ၂၈,၈၇၇,၀၀၀ ကောက်ခံခဲ့ပြီး ကောက်ခံရရှိထားတဲ့ အလှူငွေထဲက ဖြိုးမြတ်အောင် (အဆိုတော်)ပရဟိတအဖွဲ့ကို ငွေကျပ် ၂၅ သိန်း၊ ပုလဲမြို့သစ် မီးသတ်ပရဟိတအဖွဲ့ကို ငွေကျပ် ၂၅ သိန်းနဲ့ သင်္ကန်း၊ ရေသန့်၊ ဗလာစာအုပ်တွေ၊ လေးမျက်နှာမြို့ရှိ ရေဘေးသင့် ပြည်သူတွေထဲက တစ်အိမ်ထောင်ကို ငွေကျပ်တစ်သိန်းနှုန်းနဲ့ အိမ်ထောင်စုပေါင်း ၂၃၉ အိမ်ထောင်စုတို့ကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
“လေးမျက်နှာကို သွားရောက်လှူဒါန်းနိုင်ဖို့ကလည်း အဆိုတော် မေခလာ@ချစ်ငယ်ကလည်း ချိတ်ဆက်ပေးတာကြောင့် အသွားအလာမရောက်သေးတဲ့ ရွာတွေကို သွားလှူနိုင်လို့လည်း ချစ်ငယ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအလှူမှာ လိုက်ကူညီပေးတဲ့ ပရဟိတအဖွဲ့များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ တကယ်လိုအပ်နေရာလှူချိန်မှာ တချို့သူတွေအတွက်လည်း စိတ်မကောင်းဖြစ်မိတာလည်း ရှိပါတယ်။ အားလုံး ဖေးမမှုနဲ့ အဆင်ပြေသွားကြမှာ အားတင်းထားပါလို့ ပြောချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။
#စိုးသီဟ #ကျော်ရဲအောင် #ကေငြိမ်း #SoeThiha #KyawYeAung #KNyein #MyanmarDonation #MyanmarActor #HelpingHandsDonation #လေးမျက်နှာမြို့









