၂၉.၈.၂၀၂၆
Written by Linn Eain
ရထားစီးပြည်သူများနှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ သွားလာရေးအဆင်ပြေစေရန်အတွက် ရန်ကုန်ဘူတာကြီး – ဒဂုံတက္ကသိုလ်ရထားခရီးစဉ်အပါအဝင် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ်ခရီးစဉ်များ စက်တင်ဘာ ၁ ရက်က စတင်၍ တစ်ရက် ၁၂ ခေါက်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ ရထားခရီးစဉ်များကို ဘက်ထရီရထားစက်ခေါင်းဖြင့် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ်ခရီးစဥ်တွင် ရထားအမှတ် ည-၁၊ ည-၃၊ ည-၅၊ ည-၇၊ ည-၉၊ ည-၁၁ တို့ဖြင့်လည်းကောင်း၊ ဒဂုံတက္ကသိုလ် -တိုးကြောင်ကလေး-ရန်ကုန်ရထားခရီးစဉ်တွင် ရထားအမှတ် ည-၂၊ ည-၄၊ ည-၆၊ ည-၈၊ ည-၁၀၊ ည-၁၂ တို့ဖြင့်လည်းကောင်း ပြေးဆွဲသွားမည်ဖြစ်ပြီး ရထားလက်မှတ်ခအနေဖြင့် မည်သည့်ဘူတာအတွက်မဆို တစ်ဦးလျှင် ငွေကျပ် ၅၀၀ နှုန်း ဖြစ်ကြောင်း သိရသည်။
ရထားတစ်တွဲလျှင်ခရီးသည် ၆၂ ဦးလိုက်ပါနိုင်သည့် ရိုးရိုးတန်းတွဲ (၆) တွဲပါဝင်ပြီး ရထားပြေးဆွဲမှုအနေဖြင့် ဒဂုံတက္ကသိုလ် ကျောင်းသားကျောင်းသူများ ကျောင်းတက်၊ ကျောင်းဆင်းချိန် အဆင်ပြေစေရန် ကျောင်းတက်ချိန် နံနက် ၈ နာရီဖြစ်၍ ည-၁ အဆန်ရထားသည် ရန်ကုန်ဘူတာမှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ဒဂုံတက္ကသိုလ်ဘူတာသို့ နံနက် ၇ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကျောင်းဆင်းချိန် မွန်းလွဲ ၃ နာရီဖြစ်၍ ည-၁၀ အစုန်ရထားသည် ဒဂုံတက္ကသိုလ်ဘူတာမှ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင်ထွက်ခွာပြီး ရန်ကုန်ဘူတာသို့ ညနေ ၄ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း ကျန်ရထားများမှာလည်း သတ်မှတ်အချိန်ဇယားအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ နှင်းဆီကုန်း၊ သင်္ဃန်းကျွန်း၊ ငမိုးရိပ်၊ တိုးကြောင်ကလေးဘူတာများ၌ ဘူတာစဉ်ရပ်တန့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ဒဂုံတက္ကသိုလ်ရထားခရီးစဉ်တွင် ခရီးသည်၊ ကျောင်းသား ကျောင်းသူများ စီးနင်းမှုများပြားလာပါက ရထားထပ်တိုး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
