သက်တံ့
၂၈. ၈. ၂၀၂၆
စင်ကာပူလေကြောင်းလိုင်း လေယာဉ်ပေါ်တွင် ပြင်းထန်သော လေထုမတည်မငြိမ်ဖြစ်ပွားမှု (Turbulence) ကြောင့် ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ရပြီးနောက် ဇနီးဖြစ်သူသည် ၎င်း၏ ကြီးမားသော ဆုံးရှုံးမှုနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားလိုက်ပြီး တရားရုံးချုပ်တွင် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုများကို စတင်လိုက်ပြီ ဖြစ်သည်။
လူသိများသော ပြဇာတ်ဒါရိုက်တာတစ်ဦးဖြစ်သူ ဂျက်ဖ် ကစ်ချန်သည် ၎င်းနှင့် ဇနီးဖြစ်သူ လင်ဒါတို့ လိုက်ပါလာသည့် လေယာဉ် ရုတ်တရက် ထိုးဆင်းသွားစဉ် သေစေလောက်သည့် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေများက ပြောကြားသည်။ မြန်မာနိုင်ငံ ဝေဟင်ထက်တွင် လေယာဉ်အမှတ် SQ321 လေထုမတည်မငြိမ်ဖြစ်ပွားမှုနှင့် ကြုံတွေ့ခဲ့ရသည့် အဆိုပါဖြစ်စဉ်အတွင်း လင်ဒါသည်လည်း ကျောရိုးအဆစ် ကျိုးသွားခဲ့သည်။ လေယာဉ်မှ ကောက်ယူရရှိသည့် အချက်အလက်များအရ ထိုဂျက်လေယာဉ်သည် မိနစ်ပိုင်းအတွင်း ပေ ၆,၀၀၀ ခန့် ရုတ်တရက် ထိုးဆင်းသွားခဲ့ကြောင်း ဖော်ပြနေသည်။
ဖြစ်စဉ်ဖြစ်ပွားပြီး နှစ်ရက်အကြာ လင်ဒါ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရောက်ရှိနေချိန်မှသာ ၅၂ နှစ်တိုင်တိုင် ပေါင်းသင်းလာခဲ့သည့် အသက် ၇၃ နှစ်အရွယ်၊ ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် အခြား ခရီးသည် ပေါင်းများစွာလည်း ဒဏ်ရာရရှိခဲ့ကြသည်။

အင်္ဂလန်နိုင်ငံ၊ ဂလော့စတာရှိုင်းယားခရိုင်၊ သွန်ဘူရီမြို့တွင် နေထိုင်သည့် လင်ဒါသည် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အမှန်တရား ပေါ်ပေါက်ရေးနှင့် ၎င်းလိုအပ်သည့် အထူးကုသမှုဆိုင်ရာ ပံ့ပိုးမှုများ ရရှိနိုင်ရေးအတွက် Irwin Mitchell မှ အပြည်ပြည်ဆိုင်ရာ ပြင်းထန်ဒဏ်ရာဆိုင်ရာ ကျွမ်းကျင်သူ ရှေ့နေများနှင့် ဆက်သွယ်ကာ ဆောင်ရွက်ခဲ့သည်။
အငြိမ်းစား အာမခံကျွမ်းကျင်သူ ဂျက်ဖ် နှင့် အငြိမ်းစား အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကြံပေး လင်ဒါတို့သည် ၂၀၂၄ ခုနှစ် မေလအတွင်းက စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဩစတြေးလျနိုင်ငံတို့သို့ ခြောက်ပါတ်ကြာ အပန်းဖြေခရီးထွက်ရန် လန်ဒန်ဟီးသရိုးလေဆိပ်မှ ထွက်ခွာလာစဉ် ယခုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ အသက် ၇၄ နှစ်ရှိပြီဖြစ်သော လင်ဒါသည် အသက် ၄၈ နှစ်နှင့် ၄၅ နှစ်အရွယ် သားသမီးနှစ်ဦး၊ မြေးလေးဦးတို့ ပါဝင်သည့် ၎င်း၏ မိသားစုအပေါ် ထိုဖြစ်စဉ်က မည်မျှထိခိုက်ခံစားရစေခဲ့ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့သည်။
လေယာဉ်ထိုင်ခုံခါးပတ် ပတ်ထားခဲ့သူ လင်ဒါက “ဥရောပအထက်မှာတုန်းကတော့ နည်းနည်း လေထုမတည်မငြိမ်ဖြစ်တာရှိပြီး ပင်လယ်ပြင်အထက်ရောက်တော့ လှုပ်ခါမှုရှိခဲ့ပေမဲ့ ခရီးစဉ် ၁၀ နာရီလောက် ရောက်တဲ့အချိန်မှာတော့ အဓိက ပြင်းထန်တဲ့ လေထုတုန်ခါမှုနဲ့ ကြုံခဲ့ရတာပါ။ အဲဒါက သိပ်ကို ပြင်းထန်လွန်းလို့ လေယာဉ်ကြီး အောက်ကို ပြုတ်ကျသွားသလိုကို ခံစားခဲ့ရတာပါ။ ကျွန်မရဲ့ Kindle (E-book Reader) နဲ့ ဂျက်ဖ် ရဲ့ ဖုန်းတို့ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတာ သတိထားမိလိုက်ပြီး လေယာဉ်ကြီး ပျက်ကျတော့မယ်လို့ တကယ်ထင်ခဲ့တာပါ။”ဟု သူမကဆိုသည်။

ထို့အပြင် “အမြင့်ပေ ထိုးဆင်းသွားတာက ရုတ်တရက်ကြီး ဖြစ်သွားတာပါ။ ကျွန်မ နောက်ဘက်နဲ့ ဘေးဘက်ကို လဲကျသွားပြီး တစ်ကိုယ်လုံး နာကျင်သွားခဲ့ပါတယ်။ ဂျက်ဖ်က ကျွန်မပေါ် လဲကျလာပြီး ခုံလက်တင်ပေါ်မှာ ကျွန်မကို ဖိမိနေတာကြောင့် ကျွန်မ ရွှေ့လို့မရတော့ဘူး။ ကျွန်မ အော်ဟစ်နေခဲ့ချိန် ခရီးသည်နှစ်ယောက် ကူးလာနိုင်ခဲ့ပြီး ဂျက်ဖ်ကို ကူညီပေးခဲ့ကြပါတယ်။ ဒါ့အပြင် “သူတို့က ဂျက်ဖ် ကို အရေးပေါ်ထွက်ပေါက်တံခါးအနီးဆီ ရွှေ့ပေးခဲ့ပြီး ဆရာဝန်တစ်ယောက်ကို ခေါ်ပြီး သူ့ကို အရေးပေါ် အသက်ရှူကူတာ (CPR) တွေ လုပ်ပေးခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်နှင့် ဥပဒေကြောင်းအရ စတင်တုံ့ပြန်လာမှုအပေါ် စင်ကာပူလေကြောင်းလိုင်းက သတင်းထုတ်ပြန် တုံ့ပြန်လာမှုမရှိသေးပေ။
Ref: Mirror
