HMK Kong Harald, Offisiell fotografering 2006, portrett i galla
MT News
၂၈. ၈. ၂၀၂၆
နှစ် ၃၀ ကျော် အုပ်စိုးခဲ့တဲ့ နော်ဝေးဘုရင်မင်းမြတ်ဟာ ဒီနေ့ကံတော်ကုန်လွန်သွားတာကြောင့် တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးလျက်ရှိပါတယ်လို့ နော်ဝေးသံရုံးက သတင်းထုတ်ပြန်လာပါတယ်။
နော်ဝေးနိုင်ငံရဲ့ ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ် နတ်ရွာစံကံတော်ကုန်ကြောင်း ကြားသိရပြီးနောက် နော်ဝေးဝန်ကြီးချုပ် Jonas Gahr Støre က “ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ် နတ်ရွာစံကံတော်ကုန်သည့်သတင်းကို ကျွန်ုပ် ကြားသိရသည့်အတွက် အလွန်ဝမ်းနည်းကြေကွဲမိပါတယ်။
တစ်နိုင်ငံလုံးလည်း ဝမ်းနည်းပူဆွေးလျက်ရှိပြီး သက်တော်တစ်လျှောက်လုံး နော်ဝေးနိုင်ငံအတွက် အမှုတော်ဆောင်ခဲ့မှုအတွက် နော်ဝေးနိုင်ငံသူနိုင်ငံသားများအနေဖြင့် နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ရှိလျက် ကျန်ရစ်နေခဲ့ကြရပါတယ်။
ဟာရာ ဘုရင်မင်းမြတ်သည် ဆယ်စုနှစ်သုံးခုကျော် စိုးစံခဲ့သည့်ကာလအတွင်း နော်ဝေးနိုင်ငံသူနိုင်ငံသားများအပေါ် မယိမ်းမယိုင်သော ယုံကြည်မှုကို ပြသခဲ့ပါတယ်။ ကျွန်ုပ်တို့၌ရှိသော အကောင်းဆုံးအရာများသာမက အချင်းချင်းကြား၌ရှိသော အကောင်းဆုံးအရာများကိုပါ သိမြင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ကျွန်ုပ်တို့ စည်းလုံးညီညွတ်ရန် အလိုအပ်ဆုံးအချိန်တွင် စည်းလုံးညီညွတ်စေမည့် စကားများအား ထုတ်ဖော်မိန့်ကြားပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်မှာလည်း ဘုရင်မင်းမြတ်သည် ကျွန်ုပ်တို့နှင့်အတူ ဝမ်းနည်းပူဆွေးခဲ့ပါတယ်။ နော်ဝေးအားကစားသမားများရဲ့ အောင်မြင်မှုများအတွက်လဲ ဘုရင်မင်းမြတ်သည် ကျွန်ုပ်တို့နှင့်အတူ ဝမ်းသာဂုဏ်ယူခဲ့ပါတယ်။ ထိုမျှသာမက ဘုရင်မင်းမြတ်သည် လူတိုင်းအတွက် နေရာတစ်နေရာရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ်ဆီသို့ နွေးထွေးမှု၊ ဉာဏ်ပညာနှင့် ပွင့်လင်းမှုတို့ဖြင့် ကျွန်ုပ်တို့အား လမ်းညွှန်ပြပေးခဲ့ပါတယ်။ ဟာရာ ဘုရင်မင်းမြတ်သည် နော်ဝေးနိုင်ငံအပေါ် နက်ရှိုင်းစွာ ချစ်မြတ်နိုးခဲ့သလို နော်ဝေးနိုင်ငံသည်လည်း ဟာရာ ဘုရင်မင်းမြတ်အပေါ် နက်ရှိုင်းစွာ ချစ်မြတ်နိုးခဲ့ပါတယ်။ ဤခက်ခဲသောအချိန်ကာလတွင် မိဖုရားကြီးနှင့် တော်ဝင်မိသားစုအား ကျွန်ုပ်၏ အနက်ရှိုင်းဆုံး စာနာမှုနှင့် ဝမ်းနည်းကြေကွဲမှုတို့ကို ဖော်ပြလိုက်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ်ကို ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဖွားမြင်တော်မူခဲ့ပြီး သက်တော် ၈၉ နှစ်မှာ နတ်ရွာစံကံတော်ကုန်ခဲ့တာဖြစ်ပါတယ်။
နော်ဝေးအစိုးရအဖွဲ့ဟာ မကြာမီ ဝန်ကြီးချုပ်ရုံးမှာ အစိုးရအဖွဲ့အစည်းအဝေးတစ်ရပ်ကို ကျင်းပမှာဖြစ်ပြီး ဘုရင့်နန်းတော်မှာ ဘုရင်သစ်နဲ့အတူ နိုင်ငံတော်ကောင်စီရဲ့ အထူးအစည်းအဝေးတစ်ရပ်ကို ကျင်းပသွားမှာဖြစ်ပါတယ်။
နော်ဝေးဘုရင်ဟာ ရှားပါးသွေးရောဂါတစ်မျိုးဖြစ်တဲ့ Haemolytic Anaemia (သွေးနီဥကြွေ ပျက်စီးလွယ်သော သွေးအားနည်းရောဂါ) ကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါရောဂါကြောင့် ခန္ဓာကိုယ်ထဲမှာ သွေးနီဥတွေ ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ ပျက်စီးပြီး မောပန်းနွမ်းနယ်ခြင်းနဲ့ အသက်ရှူမဝခြင်းတို့ကို ခံစားခဲ့ရပါတယ်။ ဒါ့ကြောင့် နောက်ဆက်တွဲအနေနဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း (Bacterial Infection) လည်း ဖြစ်ပွားခဲ့လို့ ဆေးရုံမှာ ၁၁ ရက်ကြာ တက်ရောက်ကုသမှု ခံယူခဲ့ရပြီးနောက် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက် မနက်ပိုင်းမှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
