သက်တံ့
၂၆. ၈. ၂၀၂၆
ရုရှားနိုင်ငံ အရှေ့ဖျား အာမူရ် (Amur) ဒေသရှိ ဓာတ်ငွေ့ဓာတုဗေဒ စက်ရုံဝင်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံသား ၆ ဦး သေဆုံးကာ အခြား ၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အဆိုပါ စက်ရုံက ပြောကြားခဲ့သည်။
အာမူရ် ဓာတ်ငွေ့ဓာတုဗေဒ စက်ရုံဝင်း (Amur Gas Chemical Complex) တွင် အင်္ဂါနေ့က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၂၆ ရက်) တွင် စက်ရုံဘက်က Telegram မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
စက်ရုံ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြချက်အရ စုစုပေါင်း လူ ၇ ဦး သေဆုံးခဲ့ပြီး ၁၅၂ ဦး ဒဏ်ရာရရှိခဲ့ရာ ၃၆ ဦးကို ဆေးရုံများသို့ တင်ပို့ကုသပေးခဲ့ရသည်။
ဒဏ်ရာရရှိသူများကို ရုရှားနိုင်ငံအတွင်းရှိ အခြားဆေးရုံများသို့ ပို့ဆောင်ရန် အရေးပေါ်ကယ်ဆယ်ရေး လေယာဉ်တစ်စီးလည်း ရောက်ရှိလာခဲ့သည်။ အဆိုပါ စက်ရုံဝင်းမှာ ရုရှား ရေနံဓာတုဗေဒ ကုမ္ပဏီ Sibur နှင့် တရုတ် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီ Sinopec တို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းတစ်ခု ဖြစ်သည်။ စက်ရုံမှာ လည်ပတ်ဆောင်ရွက်ခြင်း မရှိသေးဘဲ ထုတ်လုပ်မှု စတင်နိုင်ရေး ပြင်ဆင်နေသည့် အဆင့်တွင်သာ ရှိသေးသည်။
ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီသည် ယခုဖြစ်စဉ်ကို စက်မှုလုပ်ငန်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးနေပြီး မီးလောင်ရသည့် အကြောင်းရင်းကို ဖော်ထုတ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း Reuters က ဖော်ပြခဲ့သည်။
ဖြစ်စဉ်မှာ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် တရုတ်လုပ်သားများ အပါအဝင် နိုင်ငံခြားသား လုပ်သားများကို အားထားနေရသည့် အဓိက စက်မှုလုပ်ငန်း အဆောက်အအုံတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံသည် အကြီးစား စက်မှုနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများတွင် နိုင်ငံခြားသား လုပ်သားများကို မကြာခဏ ငှားရမ်းအသုံးပြုလေ့ရှိသည်။
အာမူရ် ဓာတ်ငွေ့ဓာတုဗေဒ စက်ရုံဝင်းသည် မိမိဓာတ်ငွေ့စက်ရုံကို ကမ္ဘာ့အကြီးဆုံး ပိုလီအက်သလင်း (Polyethene) နှင့် ပိုလီပရိုပလင်း (Polypropylene) ထုတ်လုပ်သည့် စက်ရုံများထဲမှ တစ်ခုအဖြစ် ဖော်ပြထားသည်။
စက်ရုံ စတင်လည်ပတ်ပါက နှစ်စဉ် ပိုလီအက်သလင်း မက်ထရစ်တန် ၂ ဒသမ ၃ သန်းနှင့် ပိုလီပရိုပလင်း တန် ၄၀၀,၀၀၀ ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။
Ref: TOI
