၂၆.၈.၂၀၂၆
Written by Linn Eain
တိုက်ခန်းလွှဲပြောင်း ရောင်းချရာတွင် မြေရှင်ထံသို့ ရောင်းချရငွေ၏ ၂ ရာခိုင်နှုန်းကို ပေးချေခြင်း၊ မြေရှင်လက်မှတ်ပါရှိမှသာ တရားဝင်ခြင်း၊ စာချုပ်အတည်ဖြစ်ခြင်းဆိုင်ရာ ကိစ္စရပ်များ အခွန်ဆိုင်ရာဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က ဩဂုတ် ၂၆ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး နဝမနေ့တွင် ပြောကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့တွင် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်ပြည့်ဖြိုး၏ ရန်ကုန်မြို့တွင်း၌ တိုက်ခန်းများ ရောင်းချရာတွင် မြေရှင်သို့ ရောင်းချရငွေ၏ ၂ ရာခိုင်နှုန်း ပေးချေရသည့်ကိစ္စနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို တိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က ” တိုက်ခန်းလွှဲပြောင်း ရောင်းချမှုအပေါ် အခွန်ထမ်းများ၏ ကြေညာလွှာတင်သွင်းမှု၊ ဆက်စပ်ဌာနများထံမှ သတင်းစာရင်းရရှိမှုအပေါ် အခြေခံ၍ ဥပဒေနှင့်အညီ အခွန်စည်းကြပ်ကောက်ခံလျက်ရှိပါကြောင်းနှင့် တိုက်ခန်းလွှဲပြောင်း ရောင်းချရာမှာ မြေရှင်ထံသို့ ရောင်းချရငွေ၏ ၂ ရာခိုင်နှုန်းကို ပေးချေခြင်း၊ မြေရှင်လက်မှတ် ပါရှိမှသာ တရားဝင်ခြင်း၊ စာချုပ်အတည်ဖြစ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အခွန်ဆိုင်ရာဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိပါကြောင်း လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။




ထိုသို့ တိုက်ခန်းများ ရောင်းချရငွေ၏ ၂ ရာခိုင်နှုန်းကို မြေရှင်ထံသို့ ပေးချေရခြင်းသည် မတရားသဖြင့် ငွေဆုံးရှုံးရခြင်းဖြစ်ပြီး ပြည်သူလူထု၏ ဥပဒေရေးရာ ဗဟုသုတအားနည်းမှုကို အခွင့်ကောင်းယူကာ အမြတ်ထုတ်နေခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်ပြည့်ဖြိုးက မေးခွန်းမေးမြန်းရာတွင် ထောက်ပြပြောကြားခဲ့သည်။
“ဥပဒေမှာ ပြဋ္ဌာန်းထားခြင်းမရှိတဲ့ ကိစ္စရပ်တစ်ခု အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ ပြည်သူတွေဟာ ဒီမြေရှင်တွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် မတရားသဖြင့် ငွေဆုံးရှုံးနေရတာတွေ ရှိပါတယ်။ အဲ့အချို့နေရာတွေမှာ ဆိုလို့ရှိရင် မြေရှင်တွေက ဒီလို လက်မှတ်မထိုးထားဘူးဆိုရင် မီတာစာရွက်တွေကို မပေးတော့ဘဲ သိမ်းထားတာတို့၊ ရေသုံးစွဲတာကို ကန့်သတ်ထားတာတို့ စတဲ့ ကန့်သတ်ချက်များစွာကိုလည်း ပြုလုပ်ထားတာတွေ ရှိပါတယ်။ ဒါ့အပြင် ဒီလိုလုပ်ဆောင်ခြင်းအားဖြင့်လည်း ကျွန်တော်တို့ ဒီနိုင်ငံတော်ရဲ့ အခွန်အခ ရရှိမှုကိုလည်း ဆုံးရှုံးနေရပါတယ်။ ဒါဟာ ဘာကို ပြသလဲဆိုလို့ရှိရင် ကျွန်တော်တို့ ပြည်သူလူထုရဲ့ ဥပဒေရေးရာ ဗဟုသုတ အားနည်းမှုကို အခွင့်ကောင်းယူပြီးတော့ ကြီးကြီးမားမား အမြတ်ထုတ်နေတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါတယ် ” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ပြည့်ဖြိုးက တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။
ထို့ပြင် အခွန်ဥပဒေများသည် စီးပွားရေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့် အခြေပစ္စည်းလွှဲပြောင်း ရောင်းချခြင်းအပါအဝင် လုပ်ငန်းဆောင်ရွက်မှုများမှ ဖြစ်ပေါ်လာသည့် ဝင်ငွေအပေါ် အခွန်စည်းကြပ်ကောက်ခံရေး ရည်ရွယ်ပြဋ္ဌာန်းထားသည့် ဥပဒေများဖြစ်ကြောင်း၊ အခွန်ဥပဒေများမှာ အများပြည်သူအနေဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းတို့အတွက် စာချုပ်ချုပ်ဆို ဆောင်ရွက်ရာမှာ ဘယ်လိုချုပ်ဆိုရမည်၊ မည်သူတွေ ပါဝင်လက်မှတ်ထိုးရမည်၊ မည်သူ့ကို ဝန်ဆောင်ခ ဘယ်လောက်ပေးရမည်စသည့် ကိစ္စရပ်များကို သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပါဘဲ အခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေဖြစ်ပေါ်လာလျှင် ထိုဝင်ငွေအပေါ် အခွန်စည်းကြပ်ကောက်ခံရေးကိစ္စများကိုသာ ပြဋ္ဌာန်းထားကြောင်း တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာ မေသန်းနွယ်၏ ပြောကြားချက်အရ သိရသည်။
အများပြည်သူအနေဖြင့် တိုက်ခန်းဝယ်ယူခြင်း၊ လွှဲပြောင်းရောင်းချခြင်းတို့အပေါ် ဝင်ငွေဖြစ်ထွန်းပေါ်ပေါက်ပါက အခွန်ဆိုင်ရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ပေးရမည်ဖြစ်ပြီး တိုက်ခန်းလွှဲပြောင်း ရောင်းချသူအနေဖြင့် ဝင်ငွေခွန်ပုဒ်မ ၁၆(က)၊ ပုဒ်မခွဲ (ခ)နှင့် ဝင်ငွေခွန်နည်းဥပဒေ ၅(က) တို့အရ လွှဲပြောင်းရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ကျသင့်အခွန်ကို ခန့်မှန်းတွက်ချက် ပေးပို့ခြင်းနှင့် ကြေညာလွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုက်ခန်းလွှဲပြောင်း ရောင်းချမှုနှင့် ပတ်သက်၍ ချုပ်ဆိုသည့် စာချုပ်စာတမ်းများအပေါ်မှာ မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ ၁၇ အရ စာချုပ်မချုပ်ဆိုမီနှင့် ချုပ်ဆိုချိန် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် တိုက်ခန်းလွှဲပြောင်းရောင်းချမှုအပေါ်မှာ အခွန်ထမ်းများ၏ ကြေညာလွှာတင်သွင်းမှု၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနစတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းများထံမှ သတင်းစာရင်းရရှိမှုတို့အပေါ် အခြေခံပြီး ဝင်ငွေခွန် တံဆိပ်ခေါင်းခွန်များကို ဥပဒေနှင့်အညီ စည်းကြပ်ကောက်ခံလျက်ရှိကြောင်း သိရသည်။
