သက်တံ့
၂၆. ၈. ၂၀၂၆
မလေးရှားရေကြောင်းလုံခြုံရေးတပ်ဖွဲ့ (MMEA) က ကိုတာဘာရူး (Kota Baru) မြို့၊ ကမ်ပုန်းစီန (Kampung Cina) အနီး ကလန်တန်မြစ် (Sungai Kelantan) ကမ်းပါးတစ်လျှောက် အင်္ဂါနေ့ (ဩဂုတ် ၂၅ ရက်) နံနက်အစောပိုင်းတွင် စစ်ဆင်ရေးပြုလုပ်ခဲ့ရာ ကလေးငယ် (ကျား) တစ်ဦး အပါအဝင် တရားမဝင် မြန်မာနိုင်ငံမှ လာရောက်သည်ဟုဆိုသည့် ရွှေ့ပြောင်းနေထိုင်သူ ၃၇ ဦးနှင့်အတူ လမ်းပြအဖြစ် မသင်္ကာရသူ ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ကလန်တန်ပြည်နယ် MMEA ညွှန်ကြားရေးမှူး ကပ္ပတိန် ကာမဲလ် မိုဟာမက် (Kamal Mohamad) က တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ရွှေ့ပြောင်းနေထိုင်သူများကို မှောင်ခိုကူးသည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍ သတင်းအချက်အလက် ရရှိခဲ့ပြီးနောက် အဆိုပါ လူ ၃၈ ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းသည် ယခုနှစ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရမိမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Op Naga၊ Op Damai၊ Pelantar Merah နှင့် Op Tiris စစ်ဆင်ရေးများကို ဆောင်ရွက်နေသည့် MMEA ကင်းလှည့်ရေယာဉ်တစ်စီးသည် နံနက် ၅ နာရီ မိနစ် ၂၀ ခန့်တွင် ကွာလာဘေဆာ (Kuala Besar) ရေပြင်၌ မီးပိတ်မောင်းနှင်နေပြီး မသင်္ကာဖွယ် ပြုမူနေသည့် အမြန်ရေယာဉ်တစ်စီးကို တွေ့ရှိခဲ့ကြောင်း ၎င်းက ပြောသည်။
“ဒါပေမဲ့ အဲဒီလှေဟာ ကျဉ်းမြောင်းပြီး ရေတိမ်တဲ့ မြစ်ကြောင်းထဲကို အရှိန်မြှင့်မောင်းနှင်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ မှောင်မဲနေတာကြောင့်လည်း ကင်းလှည့်ရေယာဉ်အနေနဲ့ အဲဒီနေရာကို ကပ်ဖို့ ခက်ခဲခဲ့ပါတယ်” ဟု တုတ်ဘာလီ (Tok Bali) ရှိ ကလန်တန်ပြည်နယ် MMEA ဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့သည်။
ကင်းလှည့်အဖွဲ့လွတ်သွားပြီးနောက် အဆိုပါအဖွဲ့၏ သွားလာလှုပ်ရှားမှုများကို ပိတ်ဆို့တားဆီးရန် ကုန်းဘက်စစ်ဆင်ရေးအဖွဲ့ကို ကလန်တန်မြစ်ကမ်းပါးသို့ စေလွှတ်ခဲ့ရာမှ လူ ၃၈ ဦးလုံးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကာမဲလ်က ပြောဆိုသည်။
တရားမဝင် ရွှေ့ပြောင်းလာသူ ၃၇ ဦးတွင် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် အသက် ၆ လခန့်ရှိမည်ဟု ယူဆရသော ကလေးငယ် (ကျား) တစ်ဦးတို့ ပါဝင်သည်။ လူကြီးများ၏ အသက်မှာ ၁၅ နှစ်မှ ၄၁ နှစ်ကြား ရှိပြီး ဒေသခံအမျိုးသားမှာ အသက် ၄၀ အရွယ် ဖြစ်သည်။
စစ်ဆေးမှုများအရ မြန်မာနိုင်ငံသား ၇ ဦးတွင် နိုင်ငံကူးလက်မှတ် ပါရှိသော်လည်း မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ခိုင်မာသည့် ခရီးသွားမှတ်တမ်းများ ပြသနိုင်ခြင်း မရှိခဲ့ကြောင်းနှင့် ၁ ဦးတွင် မည်သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာရွက်စာတမ်းတစ်ခုမျှ မရှိကြောင်း တွေ့ရှိရသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ ဒေသခံအမျိုးသားအား ပဏာမ ဆီးစစ်ဆေးခဲ့ရာ မက်သဖက်တမင်း (Methamphetamine) မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ မှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသဖြင့် ၂၀၀၇ ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများ မှောင်ခိုကူးမှု တားဆီးရေးဥပဒေဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။
အာဏာပိုင်များက မူးယစ်ဆေးဝါး သုံးစွဲကြောင်း အတည်ပြုပြီးပါက သက်ဆိုင်ရာ မူးယစ်ဆေးဝါး ဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများကိုမူ တရားဝင် စာရွက်စာတမ်းများနှင့် ခရီးသွားမှတ်တမ်းများ မရှိဘဲ မလေးရှားနိုင်ငံသို့ ဝင်ရောက်နေထိုင်မှုဖြင့် ၁၉၅၉/၆၃ လဝက ဥပဒေအရ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကာမဲလ်က ပြောကြားခဲ့သည်။
MMEA အနေဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် ရွှေ့ပြောင်းနေထိုင်သူ မှောင်ခိုကူးမှုများကို ဟန့်တားနိုင်ရန် ကလန်တန်ရေပြင်အတွင်း ကင်းလှည့်မှုနှင့် အရေးယူဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပြီး မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများကို တွေ့ရှိပါက အရေးပေါ်ဖုန်းလိုင်း 999 သို့မဟုတ် ကလန်တန်ပြည်နယ် MMEA ဌာနချုပ် စစ်ဆင်ရေးစခန်းဖုန်း 09-778 0070 သို့ သတင်းပေးပို့ကြရန် မိဘပြည်သူများအား တိုက်တွန်းထားသည်။
Ref: The Star
