နေမိုး
၂၆. ၈ . ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ်နဲ့ အနောက်ဘက်မုခ်ကြားရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးခန်းကို လူလေးဦးက ဩဂုတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်က အဓမ္မဝင်ရောက်ပြီး YMBA ဗဟိုအတွင်းရေးမှူးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့မှုမှာ ပါဝင်သူလေးဦးကို ဖမ်းမိခဲ့ပြီလို့ သိရပါတယ်။
ဒီဖြစ်စဉ်က ရွှေတိဂုံဘုရား ပရဝဏ်နဲ့ သိင်္ဂုတ္တရကုန်းတော်ပန်းခြံအနီးမှာရှိတဲ့ YMBA ရုံးခန်းအတွင်း ဦးမောင်မောင်ညွန့် (ဗဟိုအတွင်းရေးမှူး)၊ ဒေါ်မြတ်စုလှိုင် (ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး)၊ ဦးထူးဟန်၊ ဦးတင်ဆန်းနဲ့ မစန်းတို့ငါးဦးရှိနေချိန် လူလေးဦးဝင်လာပြီး ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်ကို လူနှစ်ဦးက ထိုးကြိတ်ဖမ်းဆီးကာ အဝါရောင်တိတ်နဲ့ ချုပ်နှောင်နေချိန် ဦးထူးဟန်၊ ဦးတင်ဆန်းနဲ့ မစန်းတို့သုံးဦးက ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။


အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်ကို ကျန်တဲ့နှစ်ဦးက သေနတ်ပြဖမ်းဆီးချိန် ပြန်လည်ခုခံပြီး အော်ဟစ်အကူအညီတောင်းလို့ ကျူးလွန်သူလေးဦးက ဦးမောင်မောင်ညွန့်ပိုင် ကားနဲ့ မောင်းနှင်ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ လူများစွာဝိုင်းလာလို့ ခြေလျင်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရသလို ဦးမောင်မောင်ညွန့်ပိုင် တယ်လီဖုန်းကို လုယက်ယူဆောင်သွားကြတယ်လို့ သိရပါတယ်။
အကြမ်းဖက် ဖမ်းဆီးဖို့ ကြိုးပမ်းမှုကြောင့် ဦးမောင်မောင်ညွန့်ဟာ ညာဘက်မျက်လုံးဖူးယောင် ပေါက်ပြဲဒဏ်ရာ၊ အပေါ်သွားနာကျင်၊ ခါးနာကျင်ဒဏ်ရာတွေရခဲ့ပြီး ဒဂုံမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာမှာ ကျူးလွန်သူလေးဦးဟာ ပြစ်မှုမကျူးလွန်မီ ရွှေတိဂုံစေတီပေါ်က ပြန်ဆင်းလာတာကိုလည်း CCTV မှတ်တမ်းမှာ တွေ့ခဲ့ရပြီးနောက် စုံစမ်းဖော်ထုတ်ရာမှာ တရားခံလေးဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဥ်အပေါ် ဦးမောင်မောင်ညွန့်က “အဖွဲ့စုံနဲ့ နှစ်ရက် ပိုက်စိပ်တိုက်လိုက်တာ တရားခံတွေ မိပါပြီ။ ဒဂုံမြို့မရဲစခန်းကို လွှဲပြောင်းပေးလိုက်ပါပြီ။ နိုင်ငံတော်အဆင့် သတင်းထုတ်ပြန်ဖို့ရှိပါတယ်။ အဲဒါပြီးရင် အားလုံးကိုပြောပါ့မယ်။ ယုံကြည်စိတ်ပူပေးတဲ့ မိတ်ဆွေအားလုံး အထူးကျေးဇူးတင်ပါတယ်။ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ ဖုန်းကတော့ ပြန်မရသေးပါ”လို့ သူအသုံးပြုတဲ့ Thu Sin Kyal အကောင့်မှာ အသိပေးခဲ့ပေမဲ့ ပြန်ဖြုတ်သွားခဲ့ပါတယ်။
YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်ဟာ ၂၀၂၁ ခုနှစ် မတိုင်ခင် NLD အစိုးရဟောင်းလက်ထက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး NLD ပါတီဝန်းရံခဲ့သလို နောက်ပိုင်းမှာ ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ လုပ်ခဲ့ကာ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ ကိုယ်စားပြုပြီး ရန်ကင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ကြိုးစားခဲ့ပေမဲ့ ပါတီပယ်ဖျက်ခံရအပြီးမှာ တစ်သီးပုဂ္ဂလအဖြစ်ဝင်ပြိုင်ချိန် အရေးနိမ့်ခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်း လူမှုကွန်ရက်မှာလည်း လူမှုရေးအရှုပ်အထွေးတိုင်စာ ပျံ့နှံ့လာခဲ့ပါသေးတယ်။

