သက်တံ့
၂၆. ၈. ၂၀၂၆
ထိုင်းနိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် တရားမဝင် လက်နက်ရောင်းဝယ်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိုက်စိပ်တိုက်နှိမ်နင်းရာ ဆိုက်ဘာရဲတပ်ဖွဲ့သည် ပြည်နယ် ၁၂ ခုရှိ နေရာပေါင်း ၂၀၀ ကျော်ကို ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် သံသယရှိသူ ၁၈၆ ဦးကို ဖမ်းဆီးပြီး သေနတ် ၂၂၈ လက် သိမ်းဆည်းရမိခဲ့သည်။
အွန်လိုင်းလမ်းကြောင်းများမှတစ်ဆင့် တရားမဝင် လက်နက်ရောင်းချမှုကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့သည့် ယင်းစစ်ဆင်ရေး၏ ရလဒ်များကို ဆိုက်ဘာပြစ်မှုစုံစမ်းစစ်ဆေးရေးဗျူရို (CCIB) က မနေ့က (သြဂုတ် ၂၅ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့သည် မှတ်ပုံတင်ထားသော လက်နက် ၃၃ လက်၊ မှတ်ပုံတင်ထားခြင်းမရှိသော လက်နက် ၁၉၄ လက်နှင့် စစ်သုံးလက်နက် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ကျည်ဆံ ၁,၂၉၄ တောင့်၊ သေနတ်အပိုပစ္စည်း ၂၇ ခုနှင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ ခုတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။


စစ်ဆင်ရေး အတော်များများမှာ သေနတ်များ ရောင်းချရန် သို့မဟုတ် ပြုပြင်ပြောင်းလဲရန် ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းပလပ်ဖောင်းများကို အသုံးပြုသည်ဟု စွပ်စွဲခံထားရသူများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ချာချုန်းဆောင် (Chachoengsao) ပြည်နယ်တွင် ဆိုက်ဘာရဲတပ်ဖွဲ့သည် ဖေ့စ်ဘုတ် (Facebook) ပေါ်တွင် သေနတ်များ ရောင်းချရန် ကြော်ငြာသည်ဟု စွပ်စွဲခံရသူတစ်ဦးအား အယောင်ဆောင်ဖမ်းဆီးသည့် စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့သည်။
ဆမွတ်ပရာကန် (Samut Prakan) ပြည်နယ်တွင် တရားမဝင် အွန်လိုင်းသေနတ်ရောင်းဝယ်မှုကို စုံစမ်းစစ်ဆေးသည့် အစိတ်အပိုင်းအဖြစ် ရဲတပ်ဖွဲ့က ကြက်ဥဆိုင်တစ်ဆိုင်ကို ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုစုံစမ်းစစ်ဆေးမှုသည် မော်တော်ယာဉ်အပိုပစ္စည်း ရောင်းချသူအဖြစ် ဟန်ဆောင်ထားသော Shopee ဆိုင်တစ်ဆိုင်နှင့် အဖွဲ့ဝင် ၈၀၀ ကျော်ရှိသော LINE OA ဂရုတစ်ခုတို့နှင့် ဆက်စပ်နေသည်။
ဥဒုံဌာနီ (Udon Thani) ပြည်နယ်တွင် ရဲတပ်ဖွဲ့သည် ရောင်းချရန်အတွက် Blank-firing သေနတ်များကို ပြုပြင်ပြောင်းလဲရန် အမှာစာများ လက်ခံသည်ဟု စွပ်စွဲခံရသူ ဆိုင်ကယ်ပြင်ဆရာတစ်ဦးကို ဖမ်းဆီးခဲ့သည်။
ဆုဖန်ဘူရိ (Suphan Buri) ပြည်နယ်မှ ရဲအရာရှိများသည် ဆိုရှယ်မီဒီယာပေါ်တွင် သေနတ်ဓာတ်ပုံများကို မကြာခဏ တင်လေ့ရှိသည့် စပါးအခြောက်ခံကွင်း ပိုင်ရှင်ထံမှ သေနတ် ၉ လက်ကို သိမ်းဆည်းခဲ့သည်။ အခြားသံသယရှိသူတစ်ဦးကို သရဘူရီ (Saraburi) ပြည်နယ်တွင် ဖမ်းဆီးခဲ့ပြီး ထိုနေရာတွင် UZI စက်သေနတ်တစ်လက်နှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သံသယရှိသူအားလုံးကို ဆက်လက်ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန် လွှဲပြောင်းပေးခဲ့သည်။
ဆိုက်ဘာရဲတပ်ဖွဲ့က တရားမဝင် လက်နက်ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်း သို့မဟုတ် သယ်ဆောင်ခြင်းတို့အပြင် အွန်လိုင်းမှတစ်ဆင့် လက်နက်ဝယ်ယူခြင်းများ မပြုလုပ်ကြရန် မိဘပြည်သူများကို သတိပေးထားသည်။
ထို့အပြင် သေနတ်ပိုင်ရှင်များအနေဖြင့် ဥပဒေကို လိုက်နာကြရန်နှင့် တရားမဝင် သေနတ်ရောင်းဝယ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းတို့တွင် ပါဝင်ပတ်သက်မှု မရှိကြရန် တိုက်တွန်းထားသည်။ အစိုးရ၏ မူဝါဒအောက်တွင် တရားမဝင် သေနတ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများနှင့် အရေးယူဆောင်ရွက်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုက်ဘာရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း ဖမ်းမိသူ ၁၈၆ ဦးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်လာခြင်းမရှိသေးပေ။
Ref : Thaiger

