နေမိုး
၂၆. ၈. ၂၀၂၆
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ ရွှေဒါးကျ ကျေးရွာက ရွှေသိမ်တော်ကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် အရှင်ဣန္ဒာစာရဟာ ချောင်းဦး ပလဖရဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရအပြီး တစ်ပတ်အကြာမှာ PDF တွေ ညှင်းပန်းနှိပ်စက်မှုကြောင့် ဒဏ်ရာများစွာနဲ့ပျံလွန်တော်မူ သွားတယ်လို့ သိရပါတယ်။
ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော်ဟာ သက်တော် ၅၂ နှစ်၊ ဝါတော် ၃၂ ဝါရှိတဲ့ ငယ်ဖြူ ဆရာတော်ဖြစ်ပြီး ဩဂုတ်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ အလောင်းလာယူဖို့ ချောင်းဦး ပလဖက အကြောင်းကြားလို့ ရွာခံတွေက ပလဖ စခန်းနဲ့နီးစပ်တဲ့ ကြားခံကျေးရွာတစ်ရွာကနေ ရုပ်ကလာပ် သွားရောက်ယူဆောင်လာကြရတာဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်ကလာပ်ပုံရိပ်အရ ဆရာတော်ရဲ့ ခြေသလုံး၊ ပေါင်၊ တင်ပါး၊ ကျောနဲ့ ရင်ဘတ်တွေမှာ ရိုက်နှက် နှိပ်စက်ထားတဲ့ဒဏ်ရာတွေ၊ မီးစနဲ့ထိုးထားတဲ့ဒဏ်ရာတွေနဲ့ လက်သန်းအပါနေရာအချို့မှာ ဓားနဲ့လှီးထားလို့ အသားမရှိတဲ့ ဒဏ်ရာတွေ တွေ့ရပြီး ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ ပျံလွန်ခဲ့ရရှာတာပါ။




“ဆရာတော်ကိုတောင် PDF တွေက ဒီလို နှိပ်စက်သတ်ဖြတ်ရဲတာ ကျန်တဲ့လူတွေလည်း အသတ်ခံရလောက်ပြီးပါပြီ။ တူသော အကျိုးပေးပါစေ”လို့ ဆရာတော်ရဲ့ တပည့်သံဃာတစ်ဦးက ပြောပါတယ်။
NUG ဩဇာခံ ချောင်းဦး PDF တွေ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် ပျံလွန်သွားတဲ့ အရှင်ဣန္ဒာစာရ စျာပနကို ဩဂုတ် ၂၅ ရက် ညနေပိုင်းမှာပင် ရွာခံတွေက ချက်ချင်း ပြုလုပ်လိုက်ကြပြီး ဩဂုတ် ၂၄ ရက်ကတည်းက ရိုက်သတ်ခံထားရတဲ့အခြေအနေလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက် ည ၁၀ နာရီခန့်မှာ ချောင်းဦးမြို့နယ် ပလဖနဲ့ ပကဖတွေပါဝင်တဲ့ အင်အား ၃၀ ကျော်ဟာ လက်နက်တွေနဲ့ ကျေးရွာထဲကို ဝင်လာပြီး PDF ၃ ဦး၊ ဆရာတော် အရှင်ဣန္ဒာစာရ၊ အသက် ၆၀ ကျော် အမျိုးသား ၃ ဦး၊ အသက် ၄၀ ကျော် အမျိုးသမီး ၁ ဦးတို့ကို ကျေးရွာအတွင်းမှာ ဆရာတော်က ဦးဆောင်ပြီး ပြည်သူစစ်ဖွဲ့စည်းဖို့ကြိုးစားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့အပြီးမှာ PDF သုံးဦးကို ချက်ချင်း ပြန်လွှတ်ခဲ့ပေမဲ့ ဩဂုတ် ၂၄ ရက်ညမှာ သက်ကြီးပိုင်းအမျိုးသား ၁ ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦးကိုထပ်မံဖမ်းဆီးသွားပြီး ကျန်ရှိတဲ့ ဖမ်းဆီးခံ ပြည်သူ ၇ ဦးဟာလည်း ချောင်းဦး PDF တွေရဲ့ သတ်ဖြတ်မှု ခံလိုက်ရဖွယ်ရှိကာ သတင်းပျောက်နေတယ်လို့လည်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးစတင်ကတည်းက ဆရာတော်၊ သံဃာတော်တွေနဲ့ သာသနာ့နွယ်ဝင် သီလရှင်တွေဟာ NUG ဩဇာခံ PDF တွေရဲ့ ဒလန်အဖြစ် စွပ်စွဲခံရပြီး သီလရှင်နှစ်ပါး၊ ဆရာတော် ၁၁၀ ထက်မနည်းဟာ PDF တွေရဲ့ သတ်ဖြတ်မှု ခံခဲ့ရသလို PDF ဖမ်းဆီးခံ သံဃာ ၁၀၀ ဝန်းကျင်ဟာလည်း ဖမ်းဆီးခံရပြီးနောက် သတင်းပျောက်နေတာကြောင့် အသတ်ခံရဖွယ်ရှိနေပါတယ်။
