၂၆.၈.၂၀၂၆
Written by Linn Eain
လူနေရပ်ကွက်များနှင့် အများပြည်သူဆိုင်ရာ လမ်းမကြီးများပေါ် အသံချဲ့စက် (လော်စပီကာ) များဖြင့် စည်းကမ်းမဲ့ အသံဆူညံစွာဖွင့်လှစ်မှု မရှိစေရေး ၂၀၁၂ ခုနှစ် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပါ ပုဒ်မများဖြင့် တင်းတင်းကျပ်ကျပ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ယနေ့ ဩဂုတ် ၂၆ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး နဝမနေ့တွင် ပြောကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးဝင်းကျော်ဦး၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ကိုယ်စိတ်နှစ်ပါး အေးချမ်းစွာ အသက်ရှင်နေထိုင်ခွင့်နှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနေရပ်ကွက်များနှင့် အများပြည်သူဆိုင်ရာ လမ်းမများပေါ်၌ အသံချဲ့စက် (လော်စပီကာ) များဖြင့် စည်းမဲ့ကမ်းမဲ့ အသံဆူညံစွာ ဖွင့်လှစ်နေမှုများအား သက်ဆိုင်ရာဌာနများမှ အထူးစီမံချက်ဖြင့် ထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စံနှုန်းများနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွက် အသံညစ်ညမ်းမှု ထိန်းချုပ်ရေး နည်းဥပဒေ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများကို ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ/မရှိ ” ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က “လူနေရပ်ကွက်များနှင့် အများပြည်သူဆိုင်ရာ လမ်းမကြီးများပေါ်မှာ အသံချဲ့စက် (လော်စပီကာ) များဖြင့် စည်းကမ်းမဲ့ အသံဆူညံစွာဖွင့်လှစ်မှု မရှိစေရေး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများမှတစ်ဆင့် ၂၀၁၂ ခုနှစ် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၁၃ (ဇ) ဖြင့်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ ပုဒ်မ ၁၄ (ဂ)၊ အပိုဒ်ခွဲ (၁)၊ (၂)၊ (၃)၊ (၄) တို့ဖြင့် တင်းတင်းကျပ်ကျပ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အသံချဲ့စက်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ အခန်း (၉)၊ ပုဒ်မ ၁၈ အရ အသံချဲ့စက်ဖွင့်လိုသူသည် သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုမိန့် ရယူရမည်ဟု ပါရှိသည့်အတိုင်း အသံချဲ့စက်ဖွင့်လှစ်မှုအား ရပ်ကျေးဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း” ပြောကြားခဲ့သည်။





ထို့ပြင် အသံချဲ့စက် သုံးစွဲလိုပါက နည်းဥပဒေ ပုဒ်မ ၁၄ (ဂ)၊ ပုဒ်ခွဲ (၁)၊ (၂)၊ (၃)၊ (၄) ပါ ပြဋ္ဌာန်းထားသည့် အောက်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်သွားရန်နှင့် စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဟုသိရှိကြောင်း အသံချဲ့စက်ဖွင့်လှစ်အသုံးပြုသည့် ကာယကံရှင်များအား ဝန်ခံကတိပြု လက်မှတ်ရေးထိုးထားစေကြောင်း၊ ရပ်/ကျေး ဥပဒေ ပုဒ်မ ၂၇ အရ မည်သူမဆို ပုဒ်မ ၁၈ ပါ တာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်ပါက ထိုသူကို ကျပ်တစ်သောင်းထက် မပိုသော ငွေဒဏ်ချမှတ်ရမည်၊ ငွေဒဏ် ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ် ၇ ရက်ထက်မပိုသော ထောင်ဒဏ် ကျခံစေရန် သက်ဆိုင်ရာ တရားရုံးက ချမှတ်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၏ သဘောထားမှတ်ချက်ကို ရယူပြီး ရာဇသတ်ကြီး ပုဒ်မ ၂၆၈၊ ၂၉၀ သို့မဟုတ် ၂၉၁ တို့အရ အရေးယူနိုင်ကြောင်း၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၄ အရ မည်သူမဆို အခြားသူများ စိတ်ငြိုငြင်အောင် အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ငြိမ်းချမ်းသော ပြုလုပ်မှု တစ်ခုခုကို သို့မဟုတ် အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ဖြစ်စေ၊ အနီးအနားတွင်ဖြစ်စေ ရိုင်းစိုင်းသော စကားတစ်မျိုးမျိုးကို ရွတ်ဆိုခြင်း၊ သီဆိုခြင်း၊ ပြောဆိုခြင်း ပြုလုပ်ပါက ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် နှစ်ရပ်လုံးကို ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း လုံ/နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးဝင်းကျော်ဦးကလည်း မေးခွန်းမေးမြန်းရခြင်းနှင့် ပတ်သက်၍ ” ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နေထိုင်ကြသော ပြည်သူများသည် စည်းမဲ့ကမ်းမဲ့ အသံချဲ့စက် လော်စပီကာများကြောင့် ဖြစ်ပေါ်လာသည့် အသံညစ်ညမ်းမှုဒုက္ခ (Noise Pollution) ကို နေ့စဉ်နဲ့အမျှ စိုးရိမ်ဖွယ်ရာ ခါးစည်းခံနေကြရပါတယ်။ ဘာသာရေး၊ လူမှုရေး၊ သာရေး၊ နာရေး၊ ပွဲလမ်းသဘင်များ၊ ကုမ္ပဏီ Promotion ပွဲများ နှင့် ရာသီပွဲတော်များကို အကြောင်းပြကာ ဥပဒေမဲ့ နံနက်စောစောမှစ၍ ညဉ့်နက်သန်းခေါင်တိုင်အောင် အသံချဲ့စက် (လော်စပီကာ) များကို အသံကုန် ဖွင့်လှစ်နေကြသည့်အပြင် မော်တော်ယာဉ်များပေါ်၌ အသံချဲ့စက်များတပ်ဆင်ကာ အများပြည်သူဆိုင်ရာ လမ်းမများပေါ်တွင် အသံကျယ်လောင်စွာဖွင့်၍ မောင်းနှင်သွားလာနေမှုများကြောင့် ကျောင်းသားကျောင်းသူများ၊ သက်ကြီးရွယ်အိုများနှင့် နှလုံးရောဂါ၊ အာရုံကြောရောဂါစသည့် ရောဂါများအပါအဝင် မကျန်းမမာဖြစ်နေသူများ၏ ကျန်းမာရေးနှင့် အေးချမ်းစွာ နားနေခွင့်တို့မှာ ဆိုးရွားစွာပျက်စီးနေရပါတယ်။ ထို့အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများကိုယ်စား ကျွန်တော်က လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းသွားမှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
အသံချဲ့စက်ဖွင့်ရာတွင် သက်ဆိုင်ရာ ကာယကံရှင် ငှားရမ်းသူဖြစ်စေ၊ အဖွဲ့စည်းက ဖြစ်စေ၊ အသံချဲ့စက် ငှားရမ်းသည့် ပိုင်ရှင်ဖြစ်စေ အကျိုးအကြောင်းနှင့် အသံချဲ့စက်ဖွင့်လိုသည့် ရက်နှင့် အချိန်တို့ကို ဖော်ပြ၍ အနည်းဆုံး (၃) ရက် ကြိုတင်လျှောက်ထားချက်ကို လက်ခံခြင်း၊ သာမန်အားဖြင့် နံနက် ၆ နာရီမှ ည ၉ နာရီအထိသာ ခွင့်ပြုခြင်း၊ အများပြည်သူများအား အနှောင့်အယှက် မဖြစ်စေရေးအတွက် ခွင့်ပြုသည့် ဥပစာအတွင်း အများပြည်သူ ကြားသိနိုင်ရုံမျှသာ ဖွင့်ခွင့်ပြုခြင်း၊ ခွင့်ပြုသည့် ကိစ္စမှအပ အခြားကိစ္စများအတွက် အသုံးမပြုရန် ကြီးကြပ်ခြင်း၊ တာဝန်ရှိသူက လိုအပ်၍ ခွင့်ပြုချက် ရပ်စဲခြင်းကို လိုက်နာ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်းနှင့် သက်ဆိုင်ရာ ရဲစခန်း၏ သဘောထားမှတ်ချက်ကို ရယူခြင်းတို့ ပါရှိရမည်ဖြစ်ကြောင်း၊ ရပ်/ကျေးဥပဒေအပြင် ရာဇသတ်ကြီး ပုဒ်မ ၂၉၄ ဖြင့် အရေးယူခံရပါက အများဆုံး ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်ကြောင်း သိရသည်။
