MT News
၂၆. ၈. ၂၀၂၆
ကမ္ဘောဇဘဏ်အနေဖြင့် ဆိုင်ဘာလုံခြုံရေး စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်များကို အစဉ်အမြဲ အလေးထား ကာကွယ်စောင့်ရှောက်လျက် ရှိပြီး ဆိုင်ဘာလုံခြုံရေး နောက်ဆုံး စစ်ဆေးမှုများအရ ဘဏ်၏စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်း၊ ထိုးဖောက်ဝင်ရောက်ခံရခြင်းမျိုး လုံးဝမရှိကြောင်း တွေ့ရှိရသည်ဟု KBZ Bank က ယခု ကြေညာသည်။
မြန်မာနိုင်ငံမှ KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University တို့ကို ဆိုင်ဘာတိုက်ခိုက်ခဲ့ပြီး အဆိုပါအဖွဲ့အစည်းများ၏ ဒေတာများကို ရယူထားကြောင်း The Crew အမည်ရှိ Hacker အဖွဲ့က ကြေညာချက်ထုတ်ပြန်လာသဖြင့် ကမ္ဘောဇဘဏ်က ထုတ်ပြန်ချက်ထုတ်ကာ တုံ့ပြန်လာခြင်းဖြစ်သည်။
သုံးစွဲသူများနှင့် အများပြည်သူအနေဖြင့်လည်း မိမိတို့၏ဘဏ်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် မသင်္ကာဖွယ် လင့်ခ်များ ရှောင်ရှားရန် – မသင်္ကာဖွယ်ရာ (သို့မဟုတ်) မမျှော်လင့်ဘဲ ရောက်ရှိလာသော လင့်ခ်များကို နှိပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိအကောင့်များကို 2FA Verification သို့မဟုတ် Biometric (လက်ဗွေ/မျက်နှာ) စနစ်များဖြင့် လုံခြုံရေး အဆင့်မြှင့်တင်ခြင်း၊ မိမိတို့ အသုံးပြုသည့် Laptop နှင့် ကွန်ပျူတာများတွင် Antivirus ဆော့ဖ်ဝဲလ်များ စနစ်တကျ ထည့်သွင်း အသုံးပြုခြင်းနှင့် အီးမေးလ်၊ SMS သို့မဟုတ် ဆိုရှယ်မီဒီယာများမှ ရောက်ရှိလာသော လင့်ခ်များတွင် ဘဏ်အကောင့်ဝင်သည့် အချက်အလက်များ၊ စကားဝှက်များနှင့် OTP များကို မည်သည့်အခါမျှ ရိုက်ထည့်ခြင်း မပြုလုပ်ရန်လည်း KBZ Bank က အသိပေးသည်။
ထို့အပြင် သုံးစွဲသူများအနေဖြင့် မိမိကိုယ်ရေးအချက်အလက်များ ခိုးယူရန် ပေးပို့လာသည့် Phishing လင့်ခ်တစ်ခုကို နှိပ်၍ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်များ ထည့်သွင်းမိသည်ဟု သံသယရှိပါက အကူအညီရယူရန်အတွက် ကမ္ဘောဇဘဏ်၏ Hotline ဖုန်းနံပါတ် 09951018555 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့၍သော်လည်းကောင်း ဆက်သွယ်နိုင်သည်ဟုလည်း အသိပေးထားသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း AYA Bank ၏ Portal အဟောင်းတစ်ခုကို နိုင်ငံတကာ ဆိုင်ဘာရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်သော Lapsus $ က ဇွန်လ ၂၃ ရက်တွင် ဆိုင်ဘာတိုက်ခိုက်ခဲ့သည်။
လက်ရှိ KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University တို့ ဆိုင်ဘာတိုက်ခိုက်ခံရမှုအပေါ် ကမ္ဘောဇဘဏ်က မှားယွင်းကြောင်း ထုတ်ပြန်လာသော်လည်း ကျန်အဖွဲ့များက ထုတ်ပြန်လာခြင်း မရှိသေးပေ။
