သက်တံ့
၂၆. ၈. ၂၀၂၆
မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်၊ ဂျော့ချ်တောင်း (George Town) တွင် ပြီးခဲ့သည့်အပတ်က အသက် ၃ နှစ်အရွယ် ဩစတြေးလျကလေးငယ် (ကျား) တစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အသက် ၃၀ အရွယ် မြန်မာ ဟိုတယ်ဝန်ထမ်းတစ်ဦးသည် ရာဇဝတ်ဆိုင်ရာ ခရိုင်တရားရုံး (Sessions Court) တွင် ပြစ်မှုမရှိကြောင်း လျှောက်လဲခဲ့သည်။
ယနေ့တွင် စွဲချက်ကို မလေးဘာသာစကားဖြင့် ဖတ်ကြားပြသခဲ့ပြီးနောက် စွပ်စွဲခံရသူ အောင်ဖြိုးဝင်းက ခရိုင်တရားရုံး တရားသူကြီး Juraidah Abbas ရှေ့မှောက်တွင် အပြစ်မရှိကြောင်းနှင့် တရားရင်ဆိုင်မည်ဖြစ်ကြောင်း လျှောက်လဲခဲ့သည်။
စွဲချက်အရ စွပ်စွဲခံရသူသည် ဩဂုတ် ၂၀ ရက်၊ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် လိုရောင်း ဘာရူး (Lorong Baharu) ရှိ ဝါရုန်း ပန်ဂျာဂျာ (Warung Penjaja) အစားအသောက်ဆိုင်၌ အသက် ၃ နှစ်အရွယ် ကလေးငယ်အပေါ် အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားခြင်းဖြစ်သည်။
၎င်းအား ၂၀၁၇ ခုနှစ် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၄(a) ဖြင့် စွဲချက်တင်ထားပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ် အများဆုံး ၂၀ နှစ်နှင့် ကြာပွတ်ဒဏ်တို့ ကျခံရနိုင်သည်။
တရားလိုပြရှေ့နေအဖြစ် ဒုတိယပြည်သူ့ရှေ့နေ Anuarul Hakim Abdul Muen က ဆောင်ရွက်ပြီး စွပ်စွဲခံရသူဘက်မှ ရှေ့နေ K Mahendran က လိုက်ပါဆောင်ရွက်ခဲ့သည်။
တရားခွင်စတင်ချိန်တွင် တရားသူကြီး Juraidah က စွပ်စွဲခံရသူအား မလေးဘာသာစကား နားလည်ပါသလားဟု မေးမြန်းခဲ့သည်။
အောင်ဖြိုးဝင်းက မလေးရှားတွင် အလုပ်လုပ်သည်မှာ ၄ နှစ်ရှိပြီဖြစ်ပြီး အိမ်ထောင်ရှိကြောင်း တရားရုံးသို့ ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ရှေ့နေ Mahendran က အာမခံလျှောက်ထားခဲ့ပြီး စွပ်စွဲခံရသူအတွက် မလေးရှားနိုင်ငံသား နှစ်ဦးက အာမခံသူအဖြစ် ရပ်တည်ရန် အသင့်ရှိကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။
ထို့အပြင် ၎င်း၏အမှုသည်သည် တရားရုံးက သတ်မှတ်သည့် ထပ်ဆောင်းစည်းကမ်းချက်များကို လိုက်နာရန် အသင့်ရှိပြီး ၎င်း၏နိုင်ငံကူးလက်မှတ် (Passport) ကိုလည်း ရဲတပ်ဖွဲ့ထံ အပ်နှံထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း တရားလိုပြရှေ့နေ Anuarul က စွပ်စွဲခံရသူ၏ နိုင်ငံကူးလက်မှတ်မှာ ရဲတပ်ဖွဲ့ထံတွင် ရှိနေသော်လည်း အဆိုပါလက်မှတ် ထိရောက်ခိုင်မာမှု ရှိမရှိ အတည်ပြုချက် မရရှိသေးကြောင်း ပြောဆိုကာ အာမခံပေးခြင်းကို ကန့်ကွက်ခဲ့သည်။
“စွပ်စွဲခံရသူရဲ့ နိုင်ငံကူးလက်မှတ်ကို ရဲတပ်ဖွဲ့ထံ အပ်နှံထားပေမဲ့ နိုင်ငံကူးလက်မှတ် အမှန်တကယ် ခိုင်မာမှုရှိမရှိ အတည်ပြုပေးနိုင်တဲ့ စာရွက်စာတမ်းတွေကို တရားရုံးက မရရှိသေးပါဘူး။ ဒါကြောင့် စွပ်စွဲခံရသူကို တရားရုံးက အာမခံမပေးဖို့ တရားလိုဘက်က တောင်းဆိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့နောက် တရားရုံးက အာမခံကို ပယ်ချခဲ့ပြီး အမှုကို ပြန်လည်စစ်ဆေးရန်နှင့် တရားလိုဘက်မှ သက်ဆိုင်ရာ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ရန်အတွက် စက်တင်ဘာ ၂၈ ရက်သို့ ရက်ချိန်းပေးခဲ့သည်။
Ref: FMT & Vibes
