ပုံစာ။ ညောင်တုန်းတာ ကိုယ်ထည်တိုက်စားခံရမှုမြင်ကွင်း (Photo- Sai Aung Htee Khant)
သက်တံ့
၂၆. ၈. ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ မှ ၁၁/၆ + ၃၀၀ နေရာ၌ တိုးမြစ်၏ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တွင် ယမန်နေ့နံနက်ပိုင်းမှစ၍ အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မြစ်ကမ်းပါးရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီသွားရောက်ကြည့်ရှုစစ်ဆေးပြီး တာကိုယ်ထည်တိုက်စားမှုဖြစ်ပေါ်ခဲ့သည့် နေရာ၏အနောက်ဘက် ပေ ၂၀၀ ခန့်အကွာတွင် အလျားပေ ၇၀၀၊ အမြင့် ၁၀ ပေ ယာယီတာပတ်ခြင်း (Ring Bund) လုပ်ငန်းများကို စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်ခြင်း၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ သဲအိတ်ဆင့်ခြင်း၊ တာထောက်ခြင်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြစ်ကမ်းပါးရေတိုက်စားမှုဖြစ်ပွားသည့်နေရာတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကလည်း ဩဂုတ် ၂၀ ရက်နှင့် ၂၂ ရက်တို့တွင် နိုင်လွန်ပိုက်နှင့်ရေရှိန်သတ် နုန်းဖမ်းခြင်းလုပ်ငန်းလေးခုကို ဆောင်ရွက်ခဲ့သော်လည်း ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါ မြစ်ကမ်းပါးရေတိုက်စားမှု ဖြစ်စဉ်ဖြစ်ပွားသည့်နေရာအနီးရှိ ချောင်းကြီး၊ ဂန်ချောင်း၊ မာယူနှင့် ထုံးဝစသည့်ကျေးရွာများကိုလည်း ရေဘေးလွတ်ရာနေရာများသို့ အချိန်မီပြောင်းရွှေ့နိုင်ရေး အကြောင်းကြားထားပြီး တာပတ်ခြင်းလုပ်ငန်းဆောင်ရွက်သည့်နေရာအနီးရှိ လူနေအိမ်များကိုလည်း ဘေးလွတ်ရာသို့ပြောင်းရွှေ့နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီးရှိ ငဝန်တာကျိုးမှုကြောင့် လေးမျက်နှာမြို့ပေါ်ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိကာ လူငါးဦးထက်မနည်းသေဆုံးထားသလို အဆိုပါ တာကျိုးမှုအား အပြီးသတ် ထိန်းချုပ်ကာကွယ်နိုင်ရန် ကြိုးပမ်းနေသော်လည်း တစ်လပြည့်လုအချိန်အထိ အောင်မြင်မှု မရရှိသေးကြောင်း သိရသည်။










