၂၆.၈၂၀၂၆
Written by Linn Eain
အွန်လိုင်းလောင်းကစားနှင့် ပတ်သက်၍ ဇွန်လ ၃၀ ရက်အထိ သံသယဖြစ်ဖွယ် SMS များပေးပို့နေသည့် ဖုန်းနံပါတ်စုစုပေါင်း ၄ သိန်းခန့်ကို အပြီးတိုင်ပိတ်သိမ်းထားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ဩဂုတ် ၂၆ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး နဝမနေ့တွင် ပြောကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့တွင် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးမင်းသိန်းထွန်း၏ “လောင်းကစားသူများ အသုံးပြုနေသော ပုဂ္ဂလိကဘဏ်အကောင့်များနှင့် ငွေပေးချေမှု (Payment)များကို ရှာဖွေဖော်ထုတ်ပြီး အရေးယူရန် အစီအစဉ် ရှိ/မရှိ၊ လောင်းကစား ပြုလုပ်ခြင်းကြောင့် လူမှုဒုက္ခရောက်ရှိကြရသော လူမှုဘဝဖြစ်စဉ်များ၊ လောင်းကစားပြုလုပ်ခြင်းကြောင့် ကောင်းကျိုးချမ်းသာ မရရှိနိုင်သည်များကို ပြည်သူများသိရှိနိုင်ရန် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် စသည့် မီဒီယာများတွင် ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ဖုန်းခေါ်ဆိုမှုများ၊ စာတိုများပေးပို့ပြီး အွန်လိုင်းလောင်းကစားမှုပြုလုပ်ရန် ဆွဲဆောင်နေခြင်းများကို ပြုလုပ်နေသူများအား ထိရောက်စွာ တားဆီးပေးရန် အစီအစဉ် ရှိ/မရှိ ” ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က “ပုံမှန်မဟုတ်သော SMS ပေးပို့မှုများကို သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာများ၏ SMS Firewall စနစ်တွင် Automatic Blocking Direction နည်းလမ်းဖြင့် အလိုအလျောက် ပိတ်သိမ်းတားဆီး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိုသို့စောင့်ကြည့်ထိန်းချုပ်၍ အရေးယူဆောင်ရွက်မှုများအရ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ လောင်းကစားနှင့် စပ်လျဉ်း၍ သံသယဖြစ်ဖွယ် SMS များ ပေးပို့နေသည့် ဖုန်းနံပါတ် စုစုပေါင်း (၃၉၀,၉၇၈) ခုကို အပြီးတိုင် ပိတ်သိမ်းထားရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လောင်းကစားအတွက် ဖုန်းခေါ်ဆိုမှုများနှင့် SMS များပေးပို့နေသည့် ဖုန်းနံပါတ်များကို တွေ့ရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ [email protected] သို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါတယ်” ပြောကြားခဲ့သည်။
ထို့ပြင် တရားဝင် ခွင့်ပြုထားသည့် ဆက်သွယ်ရေး အော်ပရေတာများ၏ ကွန်ရက်များကို အသုံးပြု၍ လောင်းကစားဂိမ်းများ ကြော်ငြာခြင်းနှင့် ဖိတ်ခေါ်ခြင်းဆိုင်ရာ SMS စာတိုများ ပေးပို့နေမှုများအား တားဆီးနိုင်ရန်အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စနစ်တကျ စောင့်ကြည့်ထိန်းချုပ်ပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ဖုန်းနံပါတ်တစ်ခုတည်းမှ တူညီသော စာသားများကို ဖုန်းနံပါတ် (၆၀) ခုသို့ အချိန်တစ်နာရီအတွင်း ဖြန့်ဝေပေးပို့ခြင်း သို့မဟုတ် (၂၄) နာရီအတွင်း ဖုန်းနံပါတ် (၁၀၀၀) ခုသို့ ဖြန့်ဝေပေးပို့ခြင်းတို့ကို ပုံမှန်မဟုတ်သော SMS ပေးပို့မှုအဖြစ် သတ်မှတ်ထားကြောင်း လုံ/နယ်ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် မသင်္ကာဖွယ် ငွေလွှဲပြောင်းပေးပို့မှုများ၊ ထုတ်ယူမှုများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်သွားရန် ညှိနှိုင်းအကြောင်းကြားထားပြီး ပုဂ္ဂလိက KBZ Pay, Wave Pay, KPay စရှိသည့် ငွေကြေးအသုံးပြု လွှဲပြောင်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပူးပေါင်း၍ မသင်္ကာဖွယ် ငွေလွှဲပြောင်းပေးပို့မှုများ၊ ထုတ်ယူမှုများရှိပါက ချက်ချင်းသတင်းပို့ ဆောင်ရွက်၍ စစ်ဆေးဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း လုံ/နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
လောင်းကစားသူများ အသုံးပြုနေသော ပုဂ္ဂလိကဘဏ်အကောင့်များနှင့် ငွေပေးချေမှု (Payment) များကို ရှာဖွေဖော်ထုတ်ပြီး အရေးယူရန်မှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ပုဂ္ဂလိကဘဏ်များကို စောင့်ကြည့်စစ်ဆေးကြပ်မတ်မှုများ ပြုလုပ်၍ ဖော်ထုတ်ရရှိမှုများအား သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း လုံ/နယ်ဝန်ကြီးက ပြောကြားခဲ့သည်။




