၂၆.၈.၂၀၂၆
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ၊ အစ္စလမ္မာဘတ်မြို့မှ ဆေးရုံတစ်ခု၏ တတိယထပ်ရှိ မီးဖွားဆောင်တွင် မီးလောင်ကျွမ်းမှုတစ်ခု ယနေ့ သြဂုတ်လ ၂၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ အနည်းဆုံး ကလေးငယ် ၁၅ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
အစ္စလမ္မာဘတ်မြို့ရှိ PIMS ဆေးရုံ၏ တတိယထပ်ရှိ သာဖွားမီးယပ်ဆောင်တွင် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် လေအေးပေးစက်တစ်လုံး ပေါက်ကွဲသွားချိန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။
ထိုအချိန်တွင် မွေးကင်းစကလေးငယ် ၁၆ ဦး ဆေးရုံတွင် ရှိနေခဲ့ပြီး ကလေးငယ်တစ်ဦးကိုသာ ကယ်တင်နိုင်ခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။


ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘတ်ဇ် ရှာရစ်ဖ်က ယင်းဖြစ်ရပ်ကို ချက်ချင်းစုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သလို ကလေးငယ်များ ပါဝင်ပတ်သက်သည့် ဖြစ်ရပ်ဆိုးသည် ပြန်လည်ပြုပြင်၍မရသော ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ၎င်းက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
“တာဝန်ရှိသူများကို ဖော်ထုတ်သင့်ပြီး အပြင်းထန်ဆုံးအရေးယူမှုများ ပြုလုပ်သင့်သည်။” ဟု ကြေညာချက်ကဆိုခဲ့သည်။
ယခုဖြစ်ရပ်သည် ပါကစ္စတန်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ဆေးရုံမီးလောင်မှုများအနက် အသေအပျောက်အများဆုံး မီးလောင်မှုတစ်ခုဖြစ်ခဲ့သည်။ ပါကစ္စတန်နိုင်ငံတွင် အစိုးရဆေးရုံများသည် ကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အပံ့ပေးသော်လည်း မကြာခဏဆိုသလို အရင်းအမြစ်လုံ မလောက်ဖြစ်ကာ ဝန်ထုပ်ဝန်ပိုးများ များပြားလေ့ရှိသည်။
Ref-DW News

