၂၆.၈.၂၀၂၆
Written By Thandar
Rangoun နဲ့ ခတ္တိယ Production တို့က ပူးပေါင်းတင်ဆက်တဲ့ ထိတ်လန့်ခြောက်ခြား၊ အံ့ဩတုန်လှုပ်ဖွယ် ဇာတ်လမ်းပုံစံ “ဂေဟာ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ပွဲအခမ်းအနားကို ဩဂုတ်လ ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဖွေးအနေနဲ့ အနုပညာသက်တမ်း နှစ် ၂၀ ကျော်ပါပြီ။ ဖွေးအနေနဲ့ သရဲကားတွေ တော်တော်တော်များများ ရိုက်ခဲ့ဖူးပါတယ်။ ဇာတ်ကားမှာက ဖွေးအနေနဲ့ Horror/Thriller ဇာတ်လေးဆိုတော့ မျိုးဆက်သစ် အနုပညာ မောင်နှမတွေရော၊ မျိုးဆက်သစ်မဟုတ်တဲ့သူတွေနဲ့ရော အကုန်လုံးက နေ့ရောညရော အကောင်းဆုံးကြိုးစား ရိုက်ကူးခဲ့ကြပါတယ်။ ဖွေးကားလေး ရုံတင်ပြသရင်လည်း အားပေးကြည့်ရှုပြီး ဝေဖန်ပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ အကယ်ဒမီ ဖွေးဖွေးကပြောပါတယ်။
ဒီဇာတ်ကားက စာရေးဆရာ မဧကံရဲ့ ဇာတ်လမ်းကို ဇာတ်ညွှန်း ခေတ်ရှေးညိုက ရေးသားပြီး ဒါရိုက်တာ ပြည်သစ်နိုင်က ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ခိုလှုံရာ ဂေဟာကြီးတစ်ခုအတွင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီးတော့ နှစ်ပေါင်းများစွာက ဖုံးကွယ်ထားတဲ့ ဆန်းကြယ်ထိတ်လန့်ဖွယ် အဖြစ်အပျက်တွေကို Horror/Thriller ဇာတ်အိမ်နဲ့ ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး၊ ကျော်ဆု၊ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာ၊ သံစဥ်ဆည်းဆာ၊ ထူးမွန်၊ မင်းသူ၊ သွန်းသစ္စာဇော်၊ ဟိန်းရတု၊ ရန်လင်းအောင်၊ နက်ရှိုင်းကို၊ မေမြန်မာ၊ မေသက်ကျော်၊ မေမြတ်စံ၊ ဆုပန်မေ၊ မေရီမောင်၊ တင်ဇာဝင်းပြည့်၊ သာသာ၊ အေးအေးအောင်၊ မောင်မောင်မျိုးသန့်၊ ရွှေရည်ဝင့်အောင်၊ ကလေးသရုပ်ဆောင် အိန္ဒြေသွန်းဆက်တို့ ပါဝင်ထားကြပါတယ်။
“ကျွန်တော့်တို့ သရုပ်ဆောင်ပိုင်းမှာ စီနီယာကျပြီးတော့ အလုပ်လုပ်လို့ကောင်းတဲ့ မဖွေးရဲ့ ကြိုးစားထားတဲ့ ကားပါ။ တကယ်ကို ဂေဟာရုပ်ရှင်ဇာတ်ကားအတွက် တစ်ဖွဲ့လုံးက နေ့ရော ညရော ကြိုးစားရိုက်ကူးခဲ့တာတော့ အမှတ်တရပါပဲ။ ထိတ်လန့်စရာ ခြောက်ခြားစရာဂေဟာရုပ်ရှင်ကြည့်ပြီးတော့ Horror/Thriller ဆိုတဲ့ ခံစားမှုရသတစ်ခုကို ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လာမယ့် ၂၈ ရက် ရုံတင်ပြသရင်လည်း အားပေးကြပါဦး ခင်ဗျ”လို့ ဒါရိုက်တာ ပြည်သစ်နိုင်က ပြောပါတယ်။
“ဂေဟာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ်လ ၂၈ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ စတင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
#ဖွေးဖွေး #ကျော်ဆု #KyawSu #PhwayPhway #SoeMyatThuzar #စိုးမြတ်သူဇာ #ဒါရိုက်တာပြည်သစ်နိုင် #ဂေဟာရုပ်ရှင်ဇာတ်ကားကြီး #HorrorMovie #Rangoun #ခတ္တိယProduction










