၂၅.၈.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ ဗိုလ်အောင်ကျော်လမ်းသွယ်ရှိ ရေကန်တွင် ကျောင်းသို့သွားမည့် ကျောင်းသား ၇ ဦး ရေဆင်းကူးရာမှ အသက် ၁၁ နှစ်အရွယ် ငါးတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု ယမန်နေ့ သြဂုတ်လ ၂၅ ရက် နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
ထိုဖြစ်စဥ်ကြောင့် ရခိုင်ရိုးကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် Grade -5 ၌ ပညာသင်ကြားနေသော အသက် ၁၁ နှစ်အရွယ် မောင်ဉာဏ်မျိုးကိုမှာ ရေနစ်ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ရေနစ်ပျောက်ဆုံးနေသော ကျောင်းသားကို ၎င်း၏ သူငယ်ချင်းများက အနီးပတ်ဝန်းကျင်ရှိ ပြည်သူများထံ အကူအညီတောင်းခံခဲ့ပြီး ဝိုင်းဝန်းရှာဖွေဆယ်ယူခဲ့ရာမှ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့သည်။
ရေနစ်သေဆုံးသူကလေးငယ်၏ ရုပ်အလောင်းကို မာဃလုလင်ကလျာဏယုဝအသင်းမှ အသင်းဝင်များက အသင်းပိုင်ယာဥ်ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။
