◾️ ကျူးလွန်ခဲ့သည့် အမှု ၁၅ မှုအနက် ၇ မှုမြောက်တွင် ကြွေးရှင်အား ဆိုင်ယာနိုက်အဆိပ်ခတ် သတ်ဖြတ်မှုသည် ကြိုတင်ကြံစည်မှုဖြစ်ကြောင်း တရားရုံး တွေ့ရှိ
သက်တံ့
၂၅. ၈. ၂၀၂၆
ထိုင်းနိုင်ငံတွင် “အမ် ဆိုင်ယာနိုက်” (Aem Cyanide) ဟု ပိုမိုလူသိများသည့် လူသတ်တရားခံအမျိုးသမီး ဆာရာရတ် ရန်းဆီဝူသဖွန် (Sararat Rangsiwuthaporn) သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း နခွန်ပထုန်ခရိုင်၌ ကြွေးရှင်တစ်ဦးအား အဆိပ်ခတ်သတ်ဖြတ်ခဲ့မှုအတွက် ရာဇဝတ်တရားရုံးက အင်္ဂါနေ့ (ဩဂုတ်လ ၂၅ ရက်) တွင် ဒုတိယအကြိမ် သေဒဏ်စီရင်ချက် ချမှတ်လိုက်သည်။
အသက် ၃၉ နှစ်အရွယ် ဆာရာရတ်သည် အသက် ၃၄ နှစ်အရွယ် ဒါရီနီ သက်ထာဝီ (Darinee Thepthawee) အား အစားအသောက်ထဲသို့ ပိုတက်ဆီယမ် ဆိုင်ယာနိုက် အဆိပ်ထည့်၍ ကျွေးမွေးခဲ့ကြောင်း တရားလိုဘက်က တရားရုံးသို့ တင်ပြခဲ့သည်။ ဆိရီရတ် ဆေးရုံမှ အဆိပ်ဗေဒနှင့် မှုခင်းဆရာဝန်များ၏ ရင်ခွဲစစ်ဆေးချက်များအရ အဆိုပါအဆိပ်ကြောင့် သေဆုံးသူ၏ နှလုံး၊ အဆုတ်နှင့် အသည်း အပါအဝင် အတွင်းအင်္ဂါများ ပျက်စီးကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။
သေဆုံးသူ၏ အစ်မဖြစ်သူက ဆာရာရတ်သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဒါရီနီထံ စာပို့ကာ နောက်တစ်နေ့၌ ဆမ်ဖရန်ဈေးတွင် ကြက်သားထမင်း သွားရောက်စားသောက်ရန် ချိန်းဆိုခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ပိုတက်ဆီယမ် ဆိုင်ယာနိုက် အဆိပ်စတင်ပြသည့် အချိန်အနီးတွင် ဆာရာရတ်သည် သေဆုံးသူနှင့်အတူ ရှိနေခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။
ဒါရီနီသည် ဆာရာရတ်နှင့် ခွဲခွာပြီးနောက် အိမ်သို့ ပြန်ရောက်စဉ် နေမကောင်းဟု ခင်ပွန်းဖြစ်သူအား ပြောကြားခဲ့ပြီးနောက် အမြှုပ်များထွက်ကာ တက်သွားခဲ့ပြီး သတိလစ်မေ့မြောသွားခဲ့သည်။
သတင်းဖော်ပြချက်များအရ ဆာရာရတ်သည် ဒါရီနီနှင့် ၂၀၁၄ ခုနှစ်ကတည်းက သိကျွမ်းခဲ့ပြီး ၎င်း၏အိမ်သို့ မကြာခဏ သွားရောက်လည်ပတ်ခဲ့သူဖြစ်သည်။ သူမသည် ဒါရီနီထံမှ ဘတ် ၆၀,၀၀၀ ချေးငှားထားသည့်အပြင် စုကြေးဝိုင်း (chit funds) ၃ ဝိုင်းတွင်လည်း အတူတကွ ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
ဆာရာရတ်တွင် အခြားသော ကြွေးရှင်များထံမှ ကြွေးမြီများစွာ တင်ရှိနေသဖြင့် ဒါရီနီအား ပြန်လည်မဆပ်နိုင်ခဲ့ကြောင်း တရားရုံးက ကြားနာခဲ့ရသည်။ ထို့ကြောင့် ဆာရာရတ်သည် ကြွေးမြီများကို ရှင်းထုတ်ရန်အတွက် ယခုလူသတ်မှုကို ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ဆာရာရတ်၏ ကွင်းဆက်လူသတ်မှုအများအပြားကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့ရပြီး အဆိပ်ရှိဓာတုပစ္စည်းများ ထိန်းချုပ်မှုကို ပိုမိုတင်းကြပ်စွာ စိစစ်လာစေခဲ့သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ခရိုင် ၇ ခုတွင် လူ ၁၅ ဦး အဆိပ်ခတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
သတ်ဖြတ်မှုများ၏ နောက်ကွယ်မှ တွန်းအားမှာ ငွေကြေးကြောင့်ဖြစ်ပြီး လူသတ်မှုအားလုံးမှာ ကြွေးမြီများ ရှင်းထုတ်ရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။ သေဆုံးသူများသည် မသေဆုံးမီ နာရီပိုင်းအလိုတွင် ဆာရာရတ်နှင့်အတူ ရှိနေခဲ့ကြသူများ ဖြစ်သည်။
ဤအမှုသည် ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၄ ရက်က ရာချာဘူရီခရိုင်၌ ဆိရီဖွန် ခန်ဝေါင်း (Siriporn Khanwong) သေဆုံးခဲ့ပြီးနောက် စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဆာရာရတ်နှင့် ဆိရီဖွန်တို့သည် သူငယ်ချင်းများ ဖြစ်ကြသည်။
အမျိုးသမီးနှစ်ဦးသည် ဇီဝိတဒါန ငါးလွှတ်ရန် မဲကလောင်မြစ်ဘေးသို့ သွားရောက်စဉ် ဆိရီဖွန်မှာ လဲကျသေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ၏ ရုပ်အလောင်းတွင် ဆိုင်ယာနိုက်အဆိပ်ကို တွေ့ရှိခဲ့ရသည်။ ဆိရီဖွန် လဲကျသွားချိန်တွင် ဆာရာရတ်သည် ကူညီကယ်ဆယ်ခြင်းမပြုဘဲ သေဆုံးသူ၏ ပစ္စည်းများနှင့် ငွေကြေးများကို ယူဆောင်ကာ ကားမောင်းနှင် ထွက်ပြေးသွားခဲ့သည်။
ရဲအရာရှိကြီးတစ်ဦး၏ ဇနီးဖြစ်သူ ဆာရာရတ်သည် ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် ဖမ်းဆီးခံရစဉ်က ကိုယ်ဝန် ၄ လ ရှိနေပြီဖြစ်သည်။ နောက်ပိုင်းတွင် ထိန်းသိမ်းခံထားရစဉ်အတွင်း ကိုယ်ဝန်ပျက်ကျခဲ့သည်။
တရားရုံးသည် သူမအား စွဲဆိုထားသည့် အခြားသော လူသတ်မှု ၆ မှုအတွက် ယခင်က စီရင်ချက်ချခဲ့ဖူးပြီး သေဒဏ် ၁ မှု၊ ထောင်ဒဏ်တစ်သက် ၂ မှု ချမှတ်ခဲ့ကာ အမှု ၃ မှုကိုမူ အပြစ်မှ လွတ်မြောက်ခွင့်ပေးခဲ့သည်။ အဆိုပါ တရားရှင်လွတ်မြောက်ခဲ့သည့် နောက်ဆုံးအမှုကို ယခုနှစ် ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တရားလိုရှေ့နေများသည် ဆာရာရတ်အား လူသတ်မှု ၁၄ မှုနှင့် လူသတ်ရန် ကြံစည်မှု ၁ မှု၊ စုစုပေါင်း အမှု ၁၅ မှုဖြင့် တရားစွဲဆိုထားသည်။
Ref: Bangkok Post
