၂၅.၈.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ စစ်ပင်တောင်ရပ်ကွက်တွင် ငမိုးရိပ်ချောင်းကို ရေကူး၍ အလုပ်သွားသူ အမျိုးသားတစ်ဦး ရေစီးဖြင့် မျောပါပျောက်ဆုံးနေမှု ယမန်နေ့ သြဂုတ်လ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း လိုက်လံရှာဖွေသူများထံမှ သိရသည်။
စစ်ပင်တောင်ရပ်ကွက်မှ လှည်းကူးမြို့နယ် စစ်ပင်မြောက်ကျေးရွာသို့ အလုပ်သွားရန်အတွက် ငမိုးရိပ်ချောင်းကို ရေကူးသွားသည့် အမျိုးသား ခြောက်ဦးအနက် တစ်ဦးမှာ ရေစီးဖြင့်မျောပါပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ရေစီးဖြင့်မျောပါပျောက်ဆုံးသူမှာ စစ်ပင်တောင်ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် နေထိုင်သော အသက် ၂၆ နှစ်အရွယ် ဦးနိုင်ဝင်းထွန်းဖြစ်ကြောင်း သိရသည်။
ရေစီးဖြင့်မျောပါ ပျောက်ဆုံးနေသော အမျိုးသားကို စက်လှေဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ငမိုးရိပ်ချောင်းရိုးတစ်လျှောက် လိုက်လံရှာဖွေခဲ့သော်လည်း ရေစီးသန်သောကြောင့် ယနေ့အထိ မတွေ့ရှိကြောင်း သိရသည်။
ပုံစာ။ ယခင်ရေနစ်သူ ရှာဖွေခဲ့မှုမြင်ကွင်း။
