၂၅.၈.၂၀၂၆
Written by Linn Eain
အပန်းဖြေအိမ်တွင်းကစားနည်းခန်းမလုပ်ငန်း (Amusement Center) များ နောက်ကွယ်တွင် ပြည်ပနိုင်ငံသားများပါဝင်လာမှုရှိလာနိုင်၍ ၂၀၁၉ ခုနှစ်က စတင်ပြီး လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားခြင်းများ ခွင့်မပြုတော့ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ယနေ့ ဩဂုတ် ၂၅ ရက်၊ နေ့လယ် ၁ နာရီတွင် စတင်ကျင်းပသည့် တတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကြယ်ပွင့်ပြမေးခွန်းအား ဖြေကြားချိန် ထည့်သွင်းပြောကြားခဲ့သည်။
ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးကျော်မင်းထက်၏ “Amusement Center ကစားကွင်းအမည်ခံ ဆောင်ရွက်နေတဲ့ လောင်းကစားဆိုင်များကို စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ” နှင့်ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က “အပန်းဖြေအိမ်တွင်းကစားနည်းခန်းမလုပ်ငန်းများနှင့် ပတ်သက်၍ လောင်းကစားဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှသာ လောင်းကစားဥပဒေအရ လောင်းကစားဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း အရေးယူဆောင်ရွက်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။ နောက်ကွယ်မှာ ပြည်ပနိုင်ငံသားများ ပါဝင်လာမှုရှိနိုင်တဲ့ အခြေအနေဖြစ်ခြင်းတို့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ၂၀၁၉ ခုနှစ်က စပြီးတော့မှ လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်းကို ခွင့်မပြုဘဲနဲ့ အဲ့ဒီကာလမတိုင်ခင်က ခွင့်ပြုခဲ့တဲ့ လုပ်ငန်းလိုင်စင် ၄၄ ခုကို ဘဏ္ဍာနှစ်အလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီးတော့မှ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။



အဆိုပါ လိုင်စင်ခွင့်ပြုထားသည့် လုပ်ငန်းများ သက်တမ်းတိုးလျှောက်ထားလာလျှင် ခရိုင်စည်ပင် သာယာရေးအုပ်ချုပ်မှူးဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က အချက် (၇)ချက်ဖြင့်စိစစ်ပြီး သက်တမ်းတိုးခွင့်ပြုပေးလျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ထိုအချက်များမှာ ဂိမ်းစက်များကို ဝယ်ယူတင်သွင်းခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သွင်းကုန်/ထုတ်ကုန် ခွင့်ပြုချက် အထောက်အထားများ၊ အခွန်ဦးစီးဌာန ခွင့်ပြုချက် အထောက်အထားများ၊သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ခံချက်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထောက်ခံချက်၊လုပ်ငန်းရှင်၏ လောင်းကစားဆိုင်ရာကိစ္စများ ဆောင် ရွက်ခြင်းမရှိကြောင်း ခံဝန်ကတိပြုချက်၊ ပတ်ဝန်း ကျင်မှ ကန့်ကွက်မှုမရှိကြောင်း အထောက်အထား၊ ပြည်တွင်းအခွန် ဦးစီးဌာနသို့ အခွန်ပေးသွင်းပြီးကြောင်း အထောက်အထား၊ မီးသတ်ဦးစီးဌာန၏ ခွင့်ပြုချက်အထောက်အထားများပါရှိမှသာ သက်တမ်းတိုးပေးခြင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထို့ပြင် လုပ်ငန်းလက်ကိုင်ခွင့်ရရှိသူက လိုင်စင်ပါ စည်းကမ်းချက်တစ်ခုခုကို ဖောက်ဖျက်ခြင်း (သို့မဟုတ်) သက်ဆိုင်ရာဌာနအဖွဲ့အစည်းက အရေးယူဆောင်ရွက်ရန် အသိပေးအကြောင်းကြားလာသည့်အခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဥပဒေ ပုဒ်မ ၂၈၁ ပါ ပြဋ္ဌာန်းချက်အရ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ခွင့်ပြုထားသည့်လုပ်ငန်းလိုင်စင်အား ကာလအကန့်အသတ်ဖြင့်ရုပ်သိမ်းခြင်း၊ လိုင်စင်အား ပယ်ဖျက်ခြင်း စသည့် အရေးယူမှုများကို ဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလိုင်စင်ခွင့်ပြုထားသည့် အပန်းဖြေ
အိမ်တွင်းကစားနည်းခန်းမလုပ်ငန်းများနှင့် ပတ်သက်၍ အဆိုပါလုပ်ငန်းများတွင် လောင်းကစားကိစ္စများဆောင်ရွက်မှုမရှိစေရန်အတွက် အမာခံ သတင်းပေးများမွေးမြူ၍ သတင်းရယူခြင်း၊ နယ်ထိန်းတပ်ဖွဲ့ဝင်များမှ အသွင်ယူသတင်းစုံစမ်းခြင်းများနှင့် အပန်းဖြေအိမ်တွင်းကစားနည်းခန်းမများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ထုတ်ပေးထားသည့် တရားဝင်လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ ဥပဒေနှင့်ညီညွတ်ခြင်း ရှိ/မရှိ၊ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိအား သက်ဆိုင်ရာ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာ ရေးဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
