၂၅.၈.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာတွင် အသက် ၇၆ နှစ်အရွယ် ဘိုးဘွားလင်မယားနှစ်ဦး လုယက်အသတ်ခံရမှုနှင့်ပတ်သက်၍ ကျုးလွန်သူ သမက်ဟောင်းကို သြဂုတ်လ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖမ်းဆီးခံရသူမှာ ယခင်က သမက် တော်စပ်ခဲ့သော အသက် ၄၆ နှစ်အရွယ် အောင်အောင်ဖြစ်ပြီး မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ် အရပ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
အဘိုးအဘွားလင်မယားအသတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူ သမက်ဟောင်းကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေရာမှ အဆိုပါရပ်ကွက်ရှိ မော်လမြိုင် – ကျိုက္ခမီကားလမ်းဘေး နီလာရွှေစင် စက်သုံးဆီဆိုင်အနီးတွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
ကျုးလွန်သူ အောင်အောင်က အဘိုးအဘွားနှစ်ဦးကို သတ်ဖြတ်ခဲ့မှုအပေါ် ဝန်ခံခဲ့ပြီး ၎င်းထံမှ အဘွားဒေါ်ယဥ်မေ ဝတ်ဆင်ခဲ့သော အလေးချိန် ၂ ရွေး ၃ စိတ်ရှိသည့် ရွှေနားကပ်တစ်ရံကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကျုးလွန်သူအမျိုးသားကို ချောင်းဆုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။




“ရက်စက်လိုက်တာ အလုပ်မလုပ်စားဘူး။ သက်ကြီးရွယ်အိုကိုမှ ရက်ရက်စက်စက် သတ်ရက်တယ်။ နားကပ်သေးသေးလေး တစ်ရံရဖို့ အသက်နှစ်ချောင်းတောင် နှုတ်ရက်တယ်”ဟု ဖြစ်စဥ်သိရှိသူ ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။
ထိုဖြစ်စဥ်အစမှာ သြဂုတ်လ ၂၂ ရက် နံနက်ပိုင်းက မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာတွင် အသက် ၇၆ နှစ်အရွယ်ရှိ ဦးမောင်တင်ကို ဦးခေါင်းညာဘက် ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ညာဘက်မေးရိုး ပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့်လည်းကောင်း၊ အသက် ၇၆ နှစ်အရွယ် ဒေါ်ယဥ်မေတွင် လည်ပင်း ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် အသတ်ခံထားရကာ အဘွားဝတ်ဆင်ထားသော ရွှေနားကပ်လည်း ပျောက်ဆုံးနေပြီး နေအိမ်အတွင်း မွှေနှောက်ရှာဖွေထားမှုဖြစ်ပွားအပြီး တရားခံဖော်ထုတ်ဖမ်းဆီးရာမှ ကျူးလွန်သူမှာ သမက်ဟောင်းအဖြစ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
