◾️ အဆိုပါဒေသတွင် AA ၏ တရားမဝင် မူးယစ်ဆေးဝါး စခန်းများနှင့် ကုန်ကူးလမ်းကြောင်းများကို ကာကွယ်ရန် တောအုပ်ထူထပ်သော နေရာများ၌ မြေမြှုပ်မိုင်းများ ထောင်ထားလေ့ရှိကြောင်းပါ ပြော
သက်တံ့
၂၅. ၈. ၂၀၂၆
ယမန်နေ့ တနင်္လာနေ့ နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က ဘန်ဒါဘန်ခရိုင် (Bandarban)၊ နိုင်ခွန်ချာရီ (Naikhongchhari) မြို့နယ်အနီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှတ်တိုင် အမှတ် ၅၂၊ မြန်မာနိုင်ငံပိုင်နက်အတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး သေဆုံးသွားခဲ့သည်။
သေဆုံးသူမှာ ဒိုချာရီ (Dochhari) နယ်မြေ၊ ရပ်ကွက် ၈၊ ပိုအင်းချာရီ (Painchhari) ဒေသမှ မိုဟာမက် ဆာဘာ (Mohammad Saber) ၏ သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် မိုဟာမက် ဆိုင်ဖူးလ် (Mohammad Saiful) ဖြစ်သည်။ ၎င်းသည် နယ်စပ်မျဉ်း (Zero Line) မှ မီတာ ၃၀၀ ခန့် (BGB တပ်ရင်း-(၁၁) ၏ တာဂူးပိုရာ နယ်စပ်ကင်းစခန်းလက်အောက်) အကွာတွင် မျှစ်နှင့် ဝါးခုတ်ရန် သစ်တောအတွင်းသို့ ဝင်ရောက်စဉ် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA ထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။
မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ဖူးလ်၏ ခြေထောက်နှစ်ဖက်စလုံး ပြတ်ထွက်သွားခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဒေသခံများက ၎င်းအား ကယ်ဆယ်၍ နိုင်ခွန်ချာရီ မြို့နယ်ကျန်းမာရေးဌာနသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်လည်း ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ရသည်။ နိုင်ခွန်ချာရီ ရဲစခန်းမှ စခန်းမှူး (OC) မိုဟာမက် မိုဇာမယ် ဟက်ခ် (Mohammad Mozammel Haque) က အဆိုပါ သေဆုံးမှုကို အတည်ပြုခဲ့ပြီး ပိုမိုကောင်းမွန်သည့် ဆေးကုသမှုအတွက် ကော့စ်ဘဇား (Cox’s Bazar) ရှိ ဆဒါဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ မိုင်းပေါက်ကွဲမှုသည် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA ထိန်းချုပ်ထားသော ဒိုင်လာချာရီ (Duilachari) စခန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါနေရာမှ ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA အဖွဲ့သည် မူးယစ်ဆေးဝါး သယ်ဆောင်သည့် လမ်းကြောင်းများကို လုံခြုံရေးယူရန်နှင့် ဒေသခံများကို ခြိမ်းခြောက်ရန်အတွက် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ပုံမှန်အသုံးပြုလေ့ရှိကြောင်း သတင်းများက ဖော်ပြသည်။

နိုင်ခွန်ချာရီ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး (မြေယာ) အစ္စမတ် ဂျာဟန် အီတူ (Ismat Jahan Itu) က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း အတည်ပြုခဲ့ပြီး မတည်ငြိမ်သည့် နယ်စပ်ဒေသများသို့ မသွားရောက်ကြရန်နှင့် သတိထားနေထိုင်ကြရန် ဒေသခံများကို တိုက်တွန်းပြောကြားခဲ့သည်။
နယ်စပ်မှတ်တိုင် ၅၁ မှ ၅၄ အနီးတွင် နေထိုင်သူများသည် သစ်တောထွက်ပစ္စည်းများ ရှာဖွေခုတ်ယူရန် မြန်မာနိုင်ငံဘက်ခြမ်းသို့ မကြာခဏ ဖြတ်သန်းလေ့ရှိသော်လည်း AA သည် ၎င်းတို့၏ တရားမဝင် မူးယစ်ဆေးဝါး စခန်းများနှင့် ကုန်ကူးလမ်းကြောင်းများကို ကာကွယ်ရန် တောအုပ်ထူထပ်သော နေရာများ၌ မြေမြှုပ်မိုင်းများ ထောင်ထားလေ့ရှိသည်။
စခန်းမှူး မိုဟာမက် မိုဇာမယ် ဟက်ခ်က ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ မြေမြှုပ်မိုင်းများသည် နယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ၏ အသက်အန္တရာယ်အတွက် ဆက်လက် ခြိမ်းခြောက်မှုဖြစ်နေသဖြင့် ယင်းဖြစ်စဉ်သည် ပြည်သူ့လုံခြုံရေးအတွက် စိုးရိမ်စရာ ကိစ္စဖြစ်ကြောင်း ၎င်းက သုံးသပ်ခဲ့သည်။
လက်ရှိတွင် နိုင်ခွန်ချာရီ မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး အခြေအနေမှာ ပုံမှန်အတိုင်း ရှိနေသော်လည်း နယ်စပ်ဖြတ်ကျော် သွားလာမှုများကို တားဆီးရန်အတွက် အုပ်ချုပ်ရေးအဖွဲ့က ကင်းလှည့်မှုများကို တိုးမြှင့်ထားသည်။ အဆိုပါ သေဆုံးမှု ဖြစ်စဉ်သည် နယ်စပ်ဒေသ လုံခြုံရေး တင်းကြပ်ရန် မဖြစ်မနေ လိုအပ်နေပြီဖြစ်ကြောင်း ထင်ရှားစွာ ပြသနေသည်ဟု ဒေသခံများနှင့် လုံခြုံရေး အကဲခတ်များက ထောက်ပြထားကြသည်။
Ref: Daily Sun & Arakan News
