သတိုး
၂၆. ၈. ၂၀၂၆
ပြည်ပမှထောက်ပံ့ငွေများ၊ ချေးငွေများကို မိမိတို့အနေဖြင့် အားကိုးနေ၍ရမည်မဟုတ်ဘဲ ပြည်တွင်း၌ရှိသမျှသောစွမ်းအားများဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးကာ နိုင်ငံ့စီးပွားတိုးတက်လာအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ဩဂုတ် ၂၅ ရက်တွင် ကျင်းပသည့်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြာသည်။
နိုင်ငံတော်တွင် ခေတ်အဆက်ဆက်ကဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကို ပြန်ပြောင်းလေ့လာကြည့်မည်ဆိုပါက စီးပွားရေးကျဆင်းမှုကိုအဓိကအခြေခံ၍ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ကို သမိုင်းမှတ်တမ်းများတွင်တွေ့မြင်နိုင်ကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့်နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိအခြေအနေမှန်များကို မှန်မှန်ကန်ကန်ဖြင့်တင်ပြကြရန်လိုကြောင်း၊ တင်ပြသည့် ကိန်းဂဏန်းအချက်အလက်များကို အခြေခံတွက်ချက်၍ နိုင်ငံစီးပွားတိုးတက်မှုရှိစေရေးစီမံချက်များ၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် မြေပြင်ပကတိအခြေအနေမှန်နှင့် ကိန်းဂဏန်းအချက်အလက်များမှန်ကန်မှုရှိစေရေး စနစ်တကျစိစစ်တင်ပြကြရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းအနေဖြင့် စီးပွားရေးအားကောင်းမွန်မှုရှိစေရေး၏ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြပြီး မိမိတို့အနေဖြင့်လည်း ရနိုင်သမျှသော စွမ်းအားများနှင့်အခွင့်အလမ်းများကိုအသုံးချကာ စီးပွားရေးအားကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသော်လည်း မိမိတို့နိုင်ငံအပေါ် အချို့နိုင်ငံများအနေဖြင့် စီးပွားရေးအရနှင့် နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေသောကြောင့် ထိုက်သင့်သလောက်တိုးတက်မှုမရရှိဘဲ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည် တွင်းကုန်ထုတ်လုပ်မှုများကိုမြှင့်တင်၍ ပို့ကုန်ကဏ္ဍမြှင့်တင်ပြီး နိုင်ငံ့စီးပွားရေးတိုးတက်အောင် မဖြစ်မနေဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းရှိကုန်ကြမ်းပစ္စည်းများကို အဓိကအသုံးပြုထုတ်လုပ်နိုင်သည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ပြီး သွင်းကုန်အစားထိုးထုတ်ကုန်များထုတ်လုပ်နိုင်ရမည်ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်များ တိုးမြင့်ရရှိလာစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဦးမင်းအောင်လှိုင်က မှာကြားသည်။

ထို့အတွက် ပြည့်အင်အားသည့် ပြည်တွင်းမှာသာရှိသည်ဟူသည့်အတိုင်း ပြည်ပမှထောက်ပံ့ငွေများ၊ ချေးငွေများကို မိမိတို့အနေဖြင့် အားကိုးနေ၍ရမည်မဟုတ်ဘဲ ပြည်တွင်း၌ရှိသမျှသောစွမ်းအားများဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးကာ နိုင်ငံ့စီးပွားတိုးတက်လာအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း မိမိတို့နိုင်ငံတွင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ အဓိကလိုအပ်နေသည့်မှာ အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် ပြည်ထောင်စုတိုင်းရင်းသားအားလုံး စုစုစည်းစည်းညီညီညွတ်ညွတ်ဖြင့် တည်ငြိမ်အေးချမ်းမှုကိုဖော်ဆောင်ကြရန်သာဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့်လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများတိုးတက်လာစေရေး အလေးထားဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မြေပေါ်မြေအောက်သယံဇာတနှင့် တွင်းထွက်ပစ္စည်းများ ထုတ်ယူဆောင်ရွက်ခြင်းထက် ပြန်လည်ဖြည့်တင်းဆောင်ရွက်နိုင်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများကိုသာ အောင်မြင်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း ဦးမင်းအောင်လှိုင်က ဆိုသည်။
ထိုသို့ ပြည်ပပို့ကုန်များ တိုးမြှင့်ရရှိနိုင်ရေးဆောင်ရွက်ရာတွင် မြန်မာ့ပေါ်ဆန်းမွှေးစပါးကို တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ရေး၊ ဈေးကွက်ပြန်လည်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြေကိုအကျိုးရှိရှိအသုံးချသွားကြရန်နှင့် တစ်ဧကအထွက်နှုန်းများကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဟူသည့် အတိုင်းမိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းများအောင်မြင်မှုရှိစေရေး နည်းလမ်းရှာ၍ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လုပ်ချင်ကိုင်ချင်စိတ်အပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထိုကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့်လူသားအရင်းအမြစ်ကောင်းများရရှိရေးသည် မဖြစ်မနေလိုအပ်ချက်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ၁၉၇၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ အတန်းပညာမရှိသူမှာ မိမိတို့နိုင်ငံ၏ လူဦးရေ၏ ၅၈ ဒသမ ၁၈ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၄၁ ဒသမ ၀၉ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါအခြေအနေကိုကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ပညာရေးမှာ ထိုက်သင့်သလောက်တိုးတက်လာသည်ကို တွေ့ရကြောင်း၊ ပညာတတ်လူသားအရင်းအမြစ်များပေါများလာမှသာ တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် ပညာရေးကိုနည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှအားပေးမြှင့်တင်လျက်ရှိပြီး သင်ကြားရေးဆိုင်ရာတာဝန်ရှိသူများအားချီးမြှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ကျောင်းများအားလုံး စံကိုက်ကျောင်းများဖြစ်စေရေးမှအစ လိုအပ်သည့်အခြေခံသင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။
