နေမိုး
၂၆. ၈. ၂၀၂၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာမှာဖြစ်ပွားတဲ့ တပ်မတော်စစ်ကြောင်းနဲ့ တိုက်ပွဲအတွင်းမှာ ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့က PDF ၄ ဦးသေဆုံးခဲ့တယ်လို့ သြဂုတ် ၂၅ရက် ရက်စွဲနဲ့ ဝန်ခံထားပါတယ်။




တပ်မတော်ရဲ့ ထိုးစစ်ကြောင့် သေဆုံးခဲ့တဲ့ ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့က PDF လေးဦးက ကျော်မိုးဝင်း (ခ) မုဆိုး (အသက် ၂၇ နှစ်)၊ ဇင်ကိုလတ် (အသက် ၂၈ နှစ်)၊ ကျော်စိုးအောင် (အသက် ၂၈ နှစ်)နဲ့ အောင်မြင့်ဝင်း (အသက် ၄၃ နှစ်) တို့ဖြစ်ပြီး အခုလ သြဂုတ် ၁၅ ရက် နံနက် ၁၀ နာရီခွဲအချိန်မှာ သေဆုံးသွားတာဖြစ်တယ်လို့လည်း ဝန်ခံချက်မှာ ပါဝင်ပါတယ်။
ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့ဟာ ကလေးမြို့အတွင်းမှာ တပ်မတော်၊ အစိုးရနဲ့ ဝန်ထမ်းပြည်သူတွေကို ပြောက်ကျားနည်းနဲ့ သတ်ဖြတ် တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပြီး AA နဲ့ NUG ကို ဩဇာခံတဲ့ ချင်း PDF အဖွဲ့တွေဖြစ်တဲ့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာလည်း မဟာမိတ်အဖြစ် ပါဝင်တိုက်ခိုက်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဖလမ်းမြို့ဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး တပ်မတော်က နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေကြောင့် ချင်း PDF တွေနဲ့ ပူးပေါင်းအဖွဲ့တွေဟာ တပ်မတော်ထိုးစစ်အတွင်းမှာ အသေအပျောက်များစွာနဲ့ ထိန်းချုပ်မြို့တွေကနေ ဆုတ်ခွာ ထွက်ပြေးနေရပြီဖြစ်ပါတယ်။
