MT News
၂၆. ၈. ၂၀၂၆
မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ၌ ပြေးဆွဲပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် အမှတ် (၆) အစုန် မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထားသည် ညောင်လွန့်နှင့် မကျီးပင်ဘူတာအကြား မိုင်တိုင်အမှတ် (၂၅၈/၂၄) နှင့် (၂၅၈/၂၃) ကြား ရန်ကုန်-မန္တလေးရထားလမ်းပိုင်း တပ်ကုန်းမြို့နယ်အတွင်း ရထားပြေးဆွဲနေစဉ် ရထားလမ်းညာဘက်ခြမ်းမှ ခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း ၅ တွဲမြောက် ပထမတန်းတွဲ DEMU F(C)-1006 တွဲ၏ ခုံအမှတ် ၄၃၊ ၄၄၊ ၄၅ နှင့် ၄၆ အကြား ပြတင်းတံခါးမှန်အား ထိမှန်၍ မှန်ကြေမွကွဲအက်မှုဖြစ်ပွားခဲ့သော်လည်း ခရီးသည်များထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်ပွားရာနေရာအနီး မကျီးပင်ဘူတာသို့ ရထားအားနောက်ပြန်ဆုတ်၍ ရထားလိုက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှုမိနစ် (၂၀) ဖြစ်ပေါ်ခဲ့သော်လည်း အခြားရထားများကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲခဲ့သည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကိုတစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံးငါးနှစ်မှ နှစ် ၂၀ အထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချမှတ်နိုင်ကြောင်းသိရှိရပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားရန်လိုအပ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
