၂၅.၈.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖျင်သည် လာမည့် စက်တင်ဘာလအတွင်း BRICS ထိပ်သီး အစည်းအဝေး ၂၀၂၆ အား တက်ရောက်ရန်အတွက် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ဖွယ်ရှိပြီး ခုနစ်နှစ်နီးပါးကာလအတွင်း ၎င်း၏ အိန္ဒိယနိုင်ငံသို့ ပထမဆုံးခရီးစဉ်ဖြစ်ကြောင်းလည်း သိရသည်။
၂၀၂၀ ခုနှစ် အတွင်းက Galwan နယ်စပ်ပဋိပက္ခကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပွားခဲ့ရပြီးနောက် ယခုအခါ အိန္ဒိယနှင့် တရုတ်တို့သည် ၎င်းတို့၏ ဆက်ဆံရေးနှင့် သံတမန်ဆက်ဆံရေးကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းနေစဉ် ယခုခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ထိပ်သီးအစည်းအဝေး ၂၀၂၅ ကို တရုတ်နိုင်ငံ၊ တီယန်ကျင်းတွင်ကျင်းပစဉ် တက်ရောက်ခဲ့ပြီး အစည်းအဝေး၏ ဘေးထွက်အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုမှုတစ်ခု ပြုလုပ်ခဲ့သည်။
ရှီသည် နယူးဒေလီတွင် ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေး ၂၀၂၆ ခုနှစ်အတွက် ကိုယ်စားလှယ်အဖွဲ့ကြီးနှင့်အတူ အိန္ဒိယနိုင်ငံသို့ အချိန်မီ သွားရောက်လည်ပတ်ရန် မျှော်လင့်ရကြောင်း အဆိုပါကိစ္စနှင့် ရင်းနှီးသူများက Hindustan Times သတင်းစာသို့ ပြောကြားခဲ့သည်။ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။
“တရုတ်အရာရှိများသည် ဟိုတယ်များနှင့် လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အပြီးသတ်ရန် အလုပ်များနေကြသည်” ဟု အဆိုပါကိစ္စနှင့် ရင်းနှီးသော သတင်းရင်းမြစ်တစ်ခုကလည်း Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
Ref: Hindustan Times
