သတိုး
၂၅. ၈. ၂၀၂၆
နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်မှာ မြန်မာနှင့် ကမ္ဘာ့ပြည်သူများ၏ စိတ်ဝင်စားမှု မြင့်တက်နေပြီး Youtube တွင် Trend ဖြစ်မှု ဒုတိယလိုက်ကာ ရုရှား MOFA ၏ Facebook ၌ ကြည့်ရှုသူ ၂ ဒသမ ၆ သန်းအထိ အများအပြား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်တွင် စတင်ခဲ့ပြီး ဆယ်စုနှစ်များစွာ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုတို့ဖြင့် ခိုင်မာသည့် ဆက်ဆံရေးကို တည်ဆောက်ထားပြီး လက်ရှိသမ္မတကြီးလက်ထက်တွင် ခိုင်မာသည့်မိတ်ဖက်ဆက်ဆံရေးအဆင့်မှ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Strategic Partnership) အဆင့်အထိ တိုးမြှင့်နိုင်ခဲ့သည့်ချစ်ကြည်မှုများ ရှိနေသည်။




◾ ၄ ရက်ကြာခရီးစဉ်နှင့် ၄ ကြိမ်မြောက် တွေ့ဆုံမှု
နိုင်ငံတော်သမ္မတကြီး၏ ရုရှားနိုင်ငံသို့ ခရီးစဉ်ပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့သည်ကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံခေါင်းဆောင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ခန့်မှန်းနိုင်သည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ရုရှားနိုင်ငံသို့ ၄ ရက်ကြာ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင်နှင့် ၄ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကာ အခြားအဆင့်မြင့် အစိုးရတာဝန်ရှိသူများနှင့်လည်း ထပ်မံတွေ့ဆုံ၍ နိုင်ငံနှင့်ပြည်သူအကျိုး ဆောင်ရွက်ခဲ့သည်။
◾ ကြည့်ရှုသူ သန်းချီရှိခဲ့သည့် သမ္မတနှစ်ဦးတွေ့ဆုံမှု
နှစ်နိုင်ငံသမ္မတနှစ်ဦး၏ ယုံကြည်ရင်းနှီးမှုမှတစ်ဆင့် မြန်မာ-ရုရှား ဆက်ဆံရေးသည် နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ရသည်အထိ ဖြစ်လာသည်။သမ္မတ၏ ယခုခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုသတင်းသည် ထိုရက်ပိုင်းအတွင်း ကမ္ဘာ့မီဒီယာများတွင် လူထုစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ Facebook Page မှ တွေ့ဆုံမှုမှတ်တမ်းအတို (Reel) ကို ကြည့်ရှုသူ ၂ ဒသမ ၆ သန်းကျော် ရှိခဲ့သည်။ ယင်းရုပ်သံမှတ်တမ်းသည် ရုရှားသမ္မတ၏ အခြားလှုပ်ရှားမှုများထက် သိသိသာသာ ပျံ့နှံ့မှုအားကောင်းခဲ့သဖြင့် မြန်မာ-ရုရှား ဆက်ဆံရေးကို ကမ္ဘာက အထူးစိတ်ဝင်စားနေသည်မှာ ထင်ရှားသည်။
ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ Facebook Reel တွင် ကြည့်ရှုသူ အများဆုံး Reel မှာ ၁ ဒသမ ၆ သန်းကျော်သာရှိပြီး မူဗီနှစ်ခုမှာ ၆ သိန်းကျော်ရှိနေသော်လည်း ကျန်မူဗီများမှာ သောင်းဂဏန်းသာကြည့်ရှုကာ နိုင်ငံတော်သမ္မတကြီး၏ Reel မှာ ရုရှား MOFA ၏ အမြင့်ဆုံး Reel နှင့် အခြား မူဗီများထက် ကြည့်ရှုသူ တစ်သန်းအထိ ပိုမိုများပြားခဲ့သည်။
◾ Twitter (X) Trend ဒုတိယဖော်ပြခံရသည့် သမ္မတ၏ရုရှားခရီးစဉ်
ဩဂုတ်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံသမ္မတများ တွေ့ဆုံပြီးနောက် X လူမှုကွန်ရက်တွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၉ ရက်က သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံသည့်သတင်းသည် X သုံးစွဲသူများကြား စိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ပြီး “Putin Hosts Myanmar Leader at Kremlin for Partnership Talks” ခေါင်းစဉ်ဖြင့် Trend သတင်းများတွင် ဒုတိယနေရာ၌ ရောက်ရှိခဲ့သည်။ အနောက်နိုင်ငံများ အများစုသုံးသည့် မီဒီယာပလက်ဖောင်းများတွင်လည်း သမ္မတနှစ်ဦးတွေ့ဆုံမှုသည် ထူးခြားစွာ သတင်းဖြန့်ဝေမှု ထိပ်ဆုံးနီးပါး ရောက်ရှိခဲ့သည်။
◾ ကမ္ဘာ့နိုင်ငံ ၄၈ နိုင်ငံမှ သတင်းဖော်ပြ
အချက်အလက်များအရ သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားနှင့် ဘယ်လာရုစ် ခရီးစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံပေါင်း ၄၈ နိုင်ငံမှ သတင်းမီဒီယာ ၄၀၀ ကျော်က သတင်းပုဒ်ရေ ၁၀၀၀ နီးပါး ရေးသားဖြန့်ဝေခဲ့ပြီး လူထုစိတ်ဝင်စားမှု များစွာ ရရှိခဲ့သည်။ ယင်းသတင်းများအပေါ် ဆန်းစစ်မှုအရ လူမှုကွန်ရက်ပလက်ဖောင်းများတွင် အပြုသဘောဆောင်သော တုံ့ပြန်မှုပေးသူ ၉၀ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။
အချုပ်အားဖြင့် နိုင်ငံတော်သမ္မတကြီး၏ ရုရှားခရီးစဉ်သည် နှစ်နိုင်ငံအကြား “ယုံကြည်မှုကိုအခြေခံသည့် မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကိုအခြေခံသည့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးပြုသော အနာဂတ်” ကို အတူတကွ တည်ဆောက်ခွင့်ရရှိသည်သာမက ပြည်တွင်း/ပြည်ပရှိ ပြည်သူလူထုစိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ခရီးစဉ် တစ်ခုအဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်။
