၂၅.၈.၂၀၂၆
Written by Linn Eain
အွန်လိုင်းလောင်းကစားများအား ထိရောက်စွာတိုက်ဖျက်နိုင်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရေးနှင့်ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို ယနေ့ ဩဂုတ် ၂၅ ရက်၊ နေ့လယ် ၁ နာရီတွင် စတင်ကျင်းပသည့် တတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်မင်းထက်က မေးမြန်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းဝင့်က ပြန်လည်ဖြေကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများကို နှိမ်နင်းရန်ရည်ရွယ်ပြီး မကြာမီကာလက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ငန်းကော်မတီများအသီးသီးဖွဲ့စည်းပြီး ဆောင်ရွက်နေသည်ကိုလည်း သိရှိရကြောင်း၊ မြေပြင်တွင် လက်ရှိအချိန်ထိ အွန်လိုင်းလောင်းကစားများကျယ်ပြန့်စွာ ဖြစ်ပေါ်နေသည်ကိုလက်ရှိမှာ တွေ့ရသည့်အတွက်ကြောင့် ပိုမိုထိရောက် မြန်ဆန်လိုသည့်ဆန္ဒဖြင့် ယခုကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းရခြင်းဖြစ်ကြောင်း တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။





ရန်ကုန်တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က ” ဒီအွန်လိုင်းလောင်းကစား လုပ်တဲ့အခါမှာ Mobile Wallet တွေဖြစ်တဲ့ အဓိကအားဖြင့်တော့ Kpay၊ ကျွန်တော်တို့ Wave Pay စသဖြင့် ဒီလို Mobile Wallet တွေ၊ ပြီးတော့ နောက်တစ်ခုက ပြည်တွင်းဘဏ်အကောင့်များနဲ့ ချိတ်ဆက်ပြီးတော့ ငွေသွင်းငွေထုတ်လုပ်နေတာတွေကို ကျွန်တော်တို့ မြေပြင်မှာတွေ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီအဖွဲ့ကို ဒီလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးတော့ဆောင်ရွက်တဲ့အခါမှာ အဆိုပါဘဏ်အကောင့်တွေကို ဒီဆက်စပ်ဘဏ်အကောင့်များကိုနောက်ကနေ Follow လိုက်ပြီးတော့ အရေးယူမယ်ဆိုရင် ကျွန်တော်တို့ ပိုမိုထိရောက်မြန်ဆန်စွာ ဒီဟာတွေကို တားဆီးနှိမ်နင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ မေးမြန်းလိုတာက အွန်လိုင်းလောင်းကစားတွေကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးတော့ ထိရောက်စွာ ဆောင်ရွက်အရေးယူနိုင်ခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းဝင့်က တိုင်းဒေသကြီးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတားဆီးနှိမ်နင်းရေးကော်မတီအားဖွဲ့စည်းထားရှိပြီး တိုင်းဒေသကြီးအတွင်း အွန်လိုင်းလောင်းကစားမှုများ မရှိစေရေး သက်ဆိုင်ရာ နယ်မြေကင်း ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များမှ စောင့်ကြည့်သတင်းရယူကာ ထိရောက်စွာ ဖမ်းဆီးအရေးယူခြင်း၊ ကြပ်မတ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍ အဖွဲ့ဝင် (၁၀) ဦးဖြင့် တိုင်းဒေသကြီးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တားဆီးနှိမ်နင်းရေးကော်မတီအားဖွဲ့စည်းကာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် အွန်လိုင်းလောင်းကစားမှုများ မရှိစေရေး၊ ရပ်ကွက်/ကျေးရွာများအလိုက် အခြေခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ နေ့စဉ် သတင်းရယူ ဆောင်ရွက်ခြင်း၊ ကာလရှည် တည်းခိုနေထိုင်သူများ ရှိ/မရှိနှင့် ရှိပါက ၎င်းတို့၏ လုပ်ကိုင်စားသောက် နေထိုင်မှုများအား နေ့စဉ်စောင့်ကြည့်သတင်းရယူကာ ကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ် ” ဟု လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ်အတွင်း အွန်လိုင်းလောင်းကစားမှု (၉) မှု၊ ကျား (၂၁) ဦး၊ မ (၆) ဦး၊ စုစုပေါင်း (၂၇) ဦး၊ လောင်းကစားမှု (၆၀၅) မှု၊ ကျား (၄၇၀) ဦး၊ မ (၃၉၅) ဦး၊ စုစုပေါင်း (၈၆၅) ဦး၊ ၂၀၂၆ ခုနှစ်တွင် ဇန်နဝါရီလမှ ဇူလိုင်လအထိ အွန်လိုင်းလောင်းကစားမှု (၁၁) မှု၊ ကျား (၂၂) ဦး၊ မ (၇) ဦး၊ စုစုပေါင်း (၂၉) ဦး၊ လောင်းကစားမှု (၃၅၈) မှု၊ ကျား (၂၆၈) ဦး၊ မ (၂၃၃) ဦး၊ စုစုပေါင်း (၅၀၁) ဦးတို့အား ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ကြောင်း လုံ/နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
အွန်လိုင်းလောင်းကစားများအား ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရေးအတွက် အွန်လိုင်းလိမ်လည်မှု တားဆီးနှိမ်နင်းရေးဆိုင်ရာဥပဒေကို ဇူလိုင် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပြီး၊ ဥပဒေပြဋ္ဌာန်းချက်အခန်း (၃)တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ ကြီးကြပ်မှုကော်မတီလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း သိရသည်။
