◾️ သေမျိုးဘဝမှ လွတ်မြောက်ပြီး မသေနိုင်သော အမတအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ယူဆထားသည့် တာအိုဘာသာဝင်တို့၏ အစာငတ်ခံနည်းလမ်း “ဘိဂူ” (Bigu) ကို အဆိုပါ အမျိုးသမီးက ကျင့်သုံးခဲ့ကြောင်းလည်း သိရ
သက်တံ့
၂၅. ၈. ၂၀၂၆
တရုတ်နိုင်ငံ အလယ်ပိုင်းမှ အမျိုးသမီးတစ်ဦးသည် လဝက် (၁၅ ရက်) မျှ အစာငတ်ခံခဲ့သဖြင့် အလေးချိန် ၂၀ ကီလိုဂရမ် (၄၄ ပေါင်ခန့်) ကျသွားခဲ့သော်လည်း နောက်ဆုံးတွင် ပြန်လည်သက်သာလာရန် မလွယ်ကူတော့သည့် ပြင်းထန်သော ဦးနှောက်ရောဂါဝေဒနာကို ခံစားလိုက်ရသည်။
ဟေနန်ပြည်နယ်မှ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်မပြောလိုသည့် အသက် ၃၁ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် ၁၅ ရက်ဆက်တိုက် ရေတစ်မျိုးတည်းမှလွဲ၍ မည်သည့်အရာမျှ မစားသောက်ခဲ့ဘဲနေပြီးနောက် လမ်းလျှောက်ရန် ခက်ခဲလာခြင်းနှင့် မှတ်ဉာဏ်ချို့ယွင်းလာခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသည်။ အရပ် ၁၆၀ စင်တီမီတာရှိပြီး မူလအလေးချိန် ၇၀ ကီလိုဂရမ်ရှိသော ထိုအမျိုးသမီးသည် အလွန်အမင်း ဝိတ်လျှော့ခဲ့မှုကြောင့် ရက်သတ္တပတ်အနည်းငယ်အတွင်း အလေးချိန် ၂၀ ကီလိုဂရမ်အထိ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
ကျန်းကျိုးတက္ကသိုလ် ပထမတွဲဖက်ဆေးရုံမှ အာရုံကြောအထူးကုဆရာဝန် ဆုန်းဂုဲဖန် (Sun Guifang) ၏ ပြောကြားချက်အရ အဆိုပါအမျိုးသမီးတွင် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်များနှင့် ဖောလစ်အက်ဆစ် ချို့တဲ့မှုကြောင့် ဖြစ်ပွားရသည့် ပြင်းထန်သော ဦးနှောက်ရောဂါတစ်မျိုးဖြစ်သည့် Wernicke’s encephalopathy ရောဂါ ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုရောဂါသည် စိတ်ဝေဝါးခြင်း၊ လမ်းလျှောက်စဉ် ဟန်ချက်မထိန်းနိုင်ခြင်း၊ မျက်လုံးလှုပ်ရှားမှု ပုံမမှန်ခြင်းနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်းစသည့် ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည်။

ဆရာဝန် ဆုန်းက အဆိုပါအမျိုးသမီး၏ လမ်းလျှောက်ပုံမှာ ပင်ဂွင်းငှက် လမ်းလျှောက်သည့်ပုံစံနှင့် ဆင်တူနေပြီး ဤရောဂါလက္ခဏာမှာ ပြန်လည်သက်သာလာတော့မည် မဟုတ်ကြောင်း သတိပေးခဲ့သည်။ ထို့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ်များကို ပုံမှန်အစာစားသောက်ခြင်းမှသာ ရရှိနိုင်သည်ဟု အလေးအနက်ပြောကြားခဲ့ပြီး၊ ယခုကဲ့သို့ အလွန်အမင်း အစားလျှော့ခြင်းနှင့် အစာငတ်ခံခြင်းတို့သည် ကျန်းမာရေးအတွက် ကြီးမားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်စေနိုင်ကြောင်း ထောက်ပြခဲ့သည်။
ထိုအမျိုးသမီးက စကြာဝဠာအတွင်း လှည့်ပတ်စီးဆင်းနေသည့် “ချီ” (Qi) ခေါ် စွမ်းအင်ဓာတ်ကိုသာ မှီဝဲခြင်းဖြင့် သေမျိုးဘဝမှ လွတ်မြောက်ကာ မသေနိုင်သော အမတ (Immortal) အဖြစ်သို့ ရောက်ရှိနိုင်သည်ဆိုသည့် ယူဆချက်ပေါ် အခြေခံထားသော တာအိုဘာသာဝင်တို့၏ အစာငတ်ခံကျင့်စဉ် “ဘိဂူ” (Bigu) ကို ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း ဆရာဝန်အား ပြောပြခဲ့သည်။
တိုက်ရိုက်အားဖြင့် “ကောက်ပဲသီးနှံများကို ရှောင်ကြဉ်ခြင်း” ဟု အဓိပ္ပာယ်ရသည့် “ဘိဂူ” ကျင့်စဉ်သည် ခရစ်တော်မပေါ်မီ ချင်မင်းဆက် (ဘီစီ ၂၂၁ – ဘီစီ ၂၀၆) မတိုင်မီကပင် စတင်ခဲ့သည်ဟု ယုံကြည်ကြသည်။
ခေတ်သစ် ဝိတ်ကျရေးနည်းလမ်းများတွင် ပြုပြင်ဖန်တီးထားမှု နည်းပါးပြီး သကြားနှင့် အဆီဓာတ်နည်းကာ ပရိုတင်းဓာတ်ကြွယ်ဝသည့် အစားအစာများကို စားသုံးရန် တိုက်တွန်းထားသော်လည်း လူအများအပြားသည် ဘိဂူကျင့်စဉ်ကို ဝိတ်ကျစေရန်နှင့် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ကင်းစင်စေရန် ထိရောက်သော နည်းလမ်းတစ်ခုအဖြစ် ထောက်ခံနေကြဆဲဖြစ်သည်။

လူကြိုက်များသော ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုပေါ်တွင် #bigu ဆိုသည့် ဟက်ရှ်တက်ဂ် (Hashtag) သည် ကြည့်ရှုသူ သန်း ၃၆၀ အထိ ရှိနေပြီး ဆွေးနွေးမှုပေါင်း ၂ ဒသမ ၄ သန်းအထိ ဖြစ်ပေါ်စေခဲ့သည်။ အချို့က တစ်လလုံး ရေနှင့် ဗီတာမင်ဖြည့်စွက်စာများကိုသာ သောက်သုံးခဲ့ပြီးနောက် ၁၀ ကီလိုဂရမ်ကျော် ကျသွားခဲ့သည့် အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။
အခြားသော ပို့စ်များတွင်လည်း လေဝင်လေထွက်ကောင်းသော နေရာများ၌ တရားထိုင်ခြင်းဖြင့် “ချီ” စွမ်းအင်ကို ရယူရန် ဘိဂူကျင့်စဉ် ကျင့်သုံးသူများကို တိုက်တွန်းထားကြသည်။
သို့သော် ဘိဂူကျင့်စဉ်ကြောင့် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်ပွားရုံမျှမက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားခဲ့သည့် သတင်းများလည်း ခဏခဏ ထွက်ပေါ်လေ့ရှိသည်။
၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟေးလုန်းကျန်းပြည်နယ်မှ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၅၂ ရက်တိုင်တိုင် ရေတစ်မျိုးတည်းသာ သောက်သုံးခဲ့ပြီးနောက် သေဆုံးသွားခဲ့ကာ မသေဆုံးမီ နှစ်ရက်အလိုတွင် ဦးနှောက်မှာ အရွယ်မတိုင်မီအိုမင်းမှု ရောဂါလက္ခဏာများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။
လွန်ခဲ့သည့်နှစ်ကလည်း ကျယ်ကျန့်ပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် ရေနှင့် “စွမ်းအင်ဆေးပြား” ကိုသာ တစ်ပတ်ကြာ သောက်သုံးခဲ့ပြီးနောက် ၅ ကီလိုဂရမ် ကျသွားခဲ့သော်လည်း အစာငတ်ခံခဲ့မှုကြောင့် အူလမ်းကြောင်း အမြှေးပါးများ ပြင်းထန်စွာ ပျက်စီးသွားပြီး သွေးအတွင်း ဗက်တီးရီးယား ကူးစက်မှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် အသက်အန္တရာယ်ရှိသည့် ပိုတက်စီယမ်ဓာတ် လျော့နည်းသည့် ဝေဒနာကိုလည်း ခံစားခဲ့ရသည်။
ထိုကဲ့သို့သော အကြောင်းအရာများကြောင့် ဘိဂူကို ပိတ်ပင်တားဆီးရန် တောင်းဆိုမှုများလည်း တိုးပွားလာနေသည်။
မှတ်ချက်ပေးသူတစ်ဦးက “ဘိဂူဆိုတာ ရိုးရာယဉ်ကျေးမှု မဟုတ်ပါဘူး၊ အလွန်အမင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လူနေမှုပုံစံတစ်ခုပါ” ဟု ရေးသားခဲ့ပြီး အခြားတစ်ဦးကလည်း “ဒီလိုလူတွေကို တကယ် ရက်စက်တယ်လို့ မြင်မိတယ်။ ကျွန်တော်ကတော့ တစ်နေ့ကို ထမင်းတစ်နပ်တောင် မစားဘဲ မနေနိုင်ဘူး” ဟု မှတ်ချက်ပြုခဲ့သည်။
Ref: SCMP
