သက်တံ့
၂၅. ၈. ၂၀၂၆
ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးခရိုင်၊ ကျိုးဂိုကု (Kyogoku) မြို့ရှိ စိုက်ပျိုးရေးခြံတစ်ခုတွင် လုပ်ကိုင်စဉ် နေ့စဉ် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုများနှင့် ဆဲဆိုကြိမ်းမောင်းမှုများကို ခံခဲ့ရကြောင်း မြန်မာနိုင်ငံသား ၆ ဦးက ဆပ်ပိုရိုမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မျက်ရည်ကျလျက် ဖွင့်ဟ ပြောဆိုခဲ့ကြသည်။
အသက် ၁၉ နှစ်မှ ၃၀ နှစ်ကြားရှိ အဆိုပါ အမျိုးသားနှင့် အမျိုးသမီးများသည် သတ်မှတ်ကျွမ်းကျင်လုပ်သား (Specified Skilled Worker) ဗီဇာဖြင့် မေလမှ ဇူလိုင်လအတွင်း ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြသူများဖြစ်ပြီး၊ လက်ရှိတွင် ဒေသတွင်း အလုပ်သမားသမဂ္ဂ (Sapporo General Union) ၏ စောင့်ရှောက်ကာကွယ်မှုအောက်သို့ ရောက်ရှိနေကြသည်။

မူလထွက်ရှိခဲ့သည့် သတင်းဖော်ပြချက်များအရ အဆိုပါ စိုက်ပျိုးရေးခြံတွင် ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်နှိပ်စက်မှုများအပြင် အမျိုးသမီး လုပ်သားများ၏ ရင်သားကို ကိုင်တွယ်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ထိပါးနှောင့်ယှက်မှုများပါ ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။
ကုမ္ပဏီတာဝန်ရှိသူများသည် အလုပ်သမားများ၏ ဦးခေါင်းများကို တုတ်များ၊ လက်သီးများဖြင့် အကြိမ်ကြိမ် ထိုးနှက်ရိုက်နှက်ခဲ့ကြသည့်အပြင် ဆဲဆိုကြိမ်းမောင်းမှုများကိုပါ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ညွှန်ကြားချက်များကို နားမလည်ပါက သို့မဟုတ် ရိတ်သိမ်းထားသည့် သီးနှံများကို ထိခိုက်မိပါက စတီးတုတ် (သို့မဟုတ် သံတုတ်) ဖြင့် ပေါင်များကို ရိုက်နှက်ခြင်းလည်း ခံခဲ့ရသည်။
ဩဂုတ်လ ၂၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာအမျိုးသားတစ်ဦးက “မြန်မာနိုင်ငံက မထွက်ခွာခင်တုန်းက အနာဂတ်အတွက် မျှော်လင့်ချက်တွေ အပြည့်ရှိခဲ့တာပါ။ မိသားစုက မသွားဖို့ တားခဲ့ပေမဲ့ ဂျပန်ဟာ အလွန်ကောင်းမွန်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ကုမ္ပဏီမှာလည်း ကြင်နာတတ်တဲ့ လူတွေရှိတယ်လို့ မိသားစုကို ဖြောင်းဖြပြီး လာခဲ့တာပါ” ဟု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “မနက်တိုင်း နိုးလာတာနဲ့ ‘ဒီနေ့ ငါ့ကို ဘယ်လိုများ ရိုက်နှက်မလဲ’၊ ‘ဘယ်လိုများ ဆဲဆိုကြိမ်းမောင်းမလဲ’ ဆိုပြီး ကြောက်လန့်နေခဲ့ရပါတယ်” ဟု ပြောပြရင်း စကားစပြတ်ကာ ရှောခ့်ရသွားခဲ့သည်။ ကျန်ရှိသည့် မြန်မာလုပ်သား ၅ ဦးမှာလည်း ခေါင်းငုံ့ကာ ငိုကြွေးခဲ့ကြသည်။
အဆိုပါ စိုက်ပျိုးရေးခြံ၏ အဓိက စိစစ်မောင်းနှင်သူများဟု ယူဆရသည့် ကျိုးဂိုကု မြို့နယ်ကောင်စီဝင် တစ်ဦးနှင့် အခြားသူများ၏ ပြုမူပုံနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ကျွန်တော် မူလက တွေးထင်ထားတဲ့ ဂျပန်လူမျိုးတွေရဲ့ ပုံရိပ်နဲ့ အဝေးကြီး ကွာခြားပါတယ်။ ကြောက်စရာကောင်းတဲ့ သူတွေပါ” ဟု ၎င်းက ဆိုသည်။

အကူအညီရရှိခဲ့သည့် မြန်မာအမျိုးသမီး ၄ ဦးအနက် ၃ ဦးမှာ စိုက်ပျိုးရေး ကုမ္ပဏီ၏ အဆောင်မှ ညဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အလုပ်သမားသမဂ္ဂ၏ စောင့်ရှောက်မှုကို ခံယူခဲ့ခြင်းဖြစ်သည်။ ကျန်အမျိုးသမီးတစ်ဦးမှာမူ အသိမိတ်ဆွေတစ်ဦးကို အားကိုး၍ အအိုမိုရီ (Aomori) ခရိုင်အထိ တစ်ဦးတည်း ထွက်ပြေးခဲ့ပြီးမှ ဆပ်ပိုရိုသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သံတုတ်ဖြင့် ရိုက်နှက်ခံခဲ့ရဖူးသူ အမျိုးသမီးတစ်ဦးက “နောက်ထပ် အလုပ်ခွင်မှာတော့ ကြင်နာတတ်တဲ့သူတွေ ရှိပါစေလို့ မျှော်လင့်ပါတယ်” ဟု တိုးတိုးလေး ရေရွတ်ခဲ့သည်။
အဆိုပါ စိုက်ပျိုးရေးခြံတွင် မေလမှစ၍ စုစုပေါင်း မြန်မာလုပ်သား ၃၀ ခန့်ကို လက်ခံခဲ့ပြီး လက်ရှိတွင်လည်း အခြား မြန်မာနိုင်ငံသား ၂၀ ကျော် ဆက်လက်အလုပ်လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးရေး ကုမ္ပဏီအနေဖြင့် နိုင်ငံခြားသား လုပ်သားများအပေါ် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ပေးရန်ကျန်ရှိနေသည့် လုပ်ခလစာများကို အပြည့်အဝ ပေးချေရန် အလုပ်သမားသမဂ္ဂက တောင်းဆိုထားပြီး၊ ယင်းအချက်အလက်များကို လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှု အေဂျင်စီထံသို့လည်း ပေးပို့ထားပြီးဖြစ်သည်။
ဆပ်ပိုရို အထွေထွေအလုပ်သမားသမဂ္ဂမှ အကြံပေးဖြစ်သူ ဆူဇူးကီး (Hajime Suzuki) က “ဟော့ကိုင်းဒိုးရဲ့ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနဲ့ အအစားအသောက် ပြုပြင်မွမ်းမံရေး အလုပ်ခွင်တွေဟာ နိုင်ငံခြားသား လုပ်သားတွေမပါဘဲ လည်ပတ်လို့ မရပါဘူး။ လူ့အခွင့်အရေးကို ကာကွယ်ပေးတာဟာ စက်မှုလက်မှုလုပ်ငန်းနဲ့ လူမှုအဖွဲ့အစည်းကို ကာကွယ်ပေးတာပါပဲ။ ‘ဂျပန်ကို မုန်းတယ်’ လို့ ပြောမယ့်သူတွေကို မွေးထုတ်ပေးနေတာဟာ ဂျပန်နိုင်ငံအတွက် ကောင်းမွန်တဲ့ ကိစ္စဖြစ်ပါ့မလား” ဟု ကုမ္ပဏီ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့သည်။

အဆိုပါ ကုမ္ပဏီဘက်ကမူ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ သံသယရှိ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများနှင့် ပတ်သက်၍ အလုပ်သမားသမဂ္ဂအနေဖြင့် ဩဂုတ်လ ၂၄ ရက်တွင် ပြစ်မှုဆိုင်ရာ တိုင်ကြားစာ တင်သွင်းခဲ့သည်ဟု သိရသည်။
Ref: Mainichi & Asahi Shimbun
