သက်တံ့
၂၅. ၈. ၂၀၂၆
အရှိန်မထိန်းနိုင်သည့် ရွှေစင်စကြာယာဥ်တစ်စီးက လားရာတူ ရှေ့တွင် မောင်းနှင်နေသည့်ယာဥ်ကို ဝင်တိုက်ရာမှ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရမှု အမြန်လမ်းတွင် ယမန်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့မှုဖြစ်စဉ်အတွက် ရွှေစင်စကြာ ယာဉ်မောင်းအား လူသေစေမှုပုဒ်မအပါအဝင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ် ၂၄ ရက်ကူးစ ည ၁၂ နာရီ ၄၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မန္တလေး – နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၄ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံ ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးမြို့မှ နေပြည်တော်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်နေ ဦးအောင်လွင်(၄၈)နှစ် မောင်းနှင်ပြီး ခရီးသည် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၅ ဦးတို့ လိုက်ပါလာသည့် YGN-3 4M-XXXX SUNLONG ခရီးသည်တင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက် လားရာတူရှေ့မှ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်နေ ကိုရှိန်းမင်းကို(၂၅)နှစ် မောင်းနှင်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်နေ ဦးအေးနိုင်(၃၇)နှစ်၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်နေ ကိုမင်းချစ်သွေး(၂၀)နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မအိချိုမွှေး(၂၆)နှစ်တို့ လိုက်ပါလာသည့် YGN-8 7F-XXXX MAZDA BONGO မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးအေးနိုင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ကိုမင်းချစ်သွေးနှင့် မအိချိုမွှေးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ အောင်လွင်အား ပန်းတင်အမြန်လမ်းကြီးရဲစခန်း ယာဉ်(ပ)၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။


