◾ AA စခန်းချထားသော ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့၍ သေဆုံးဒဏ်ရာရသူများ ရှိသလို ထုတ်ပြန်ချက်တွင် AA ဘက်က သေဆုံးသူ မဖော်ပြထား၍ AA ကို ပါဝါရိန်းဂျားဟု လူမှုကွန်ရက်တွင် လှောင်ပြောင်နေကြ”
မင်းသက်
၂၅. ၈. ၂၀၂၆
တပ်မတော်က AA ယာယီ ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညှင်းဝကျေးရွာကို အကြမ်းဖက်မှုနှိမ်နင်းရေး ယမန်နေ့က ဆောင်ရွက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၄ ရက် နံနက် ၁၁ နာရီကျော်အချိန်က တိုက်လေယာဉ်ဖြင့် လေကြောင်းမှ သုတ်သင်ရှင်းလင်းခဲ့ရာ AA သူပုန်များ စခန်းချထားသော ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ကြောင်း သိရသည်။
“AA က သတင်းထုတ်တာမှာကတော့ အရပ်သားပဲ သေတာ။ အမြဲတမ်း အရပ်သားပဲ သေတာ။ သူတို့ ထုတ်ပြန်တာမှာက။ ကျွန်တော်တို့ ပြောချင်တာကို လိုင်းပေါ်မှာ ပြောချင်တယ်။ အမှန်ပြောချင်တယ်။ ပလက်ဝကို AA သိမ်းထားလို့ ပလက်ဝက လူတွေကလည်း ကျေနပ်တာမဟုတ်ဘူး။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ စိမ်းညှင်းဝရွာကို ရခိုင်စစ်ရှောင်ဆိုပြီး ရောက်လာကြတာတွေကလည်း AA ပဲ လေ။ ဒီဟာကို တပ်မတော်က သတင်းရတယ်။ ဒါကြောင့် အခုလို ဗုံးနဲ့ ချတာပေါ့။ သူတို့က စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို အကာအကွယ်ယူပြီး စခန်းချတာ”ဟု ချင်းပြည်နယ်တွင် နေထိုင်ခဲ့သည့် စစ်ရှောင်တစ်ဦးက MT News ကို ပြောသည်။
အကြမ်းဖက် AA သူပုန်အဖွဲ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဘုန်းကြီးကျောင်း၌ စာသင်နေသော မူလတန်းကျောင်းသား ၁ ဦးနှင့် အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် ၈ ဦးအပါအဝင် ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသည့်အထဲမှ ၆ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားခဲ့သဖြင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ လူနေအိမ် ၁၇ လုံးနှင့် ဘုန်းကြီးကျောင်းဆောင်အချို့၊ စာသင်ခန်းလည်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ AA သူပုန်၏ သေဆုံးသူများစာရင်း ထုတ်ပြန်ချက်တွင် အရပ်သားများသာ သေဆုံးဒဏ်ရာရပြီး AA က သေဆုံးသူ မပါဝင်၍ AA ကို ပါဝါရိန်းဂျားဟု လူမှုကွန်ရက်တွင် လှောင်ပြောင်နေကြသည်ကိုလည်း တွေ့ရသည်။
စိမ်းညှင်းဝကျေးရွာမှာ ရခိုင်ပြည်နယ် ကျောက်တော် မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့သို့ သွားသည့် လမ်းပေါ်၌ တည်ရှိပြီး AA အဖွဲ့ဝင်များ ၊ AA ထောက်ခံသူများ နေထိုင်စခန်းချရာ ကျေးရွာဖြစ်ကြောင်း သိရသည်။


