သက်တံ့
၂၅. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုမှ ပြန်ပေးဆွဲခံခဲ့ရသည့် တရုတ်အမျိုးသမီးတစ်ဦးသည် မြန်မာနယ်စပ်ရှိ တာ့ခ်ခရိုင်၊ မဲဆောက်မြို့သို့ ခေါ်ဆောင်သွားစဉ် ကားပေါ်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် ထိုင်းအမျိုးသား ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
အဆိုပါ အမျိုးသမီးသည် တာ့ခ်ခရိုင်နှင့် ထိစပ်နေသော ကမ်ဖန်ဖက်ခရိုင်ကို ဖြတ်သန်းစဉ် လက်နှစ်ဖက်တွင် ကေဘယ်ကြိုးများ တုတ်နှောင်ထားလျက်သားဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ ကမ်ဖန်ဖက် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါ တရုတ်အမျိုးသမီးကို ဘန်ကောက်မြို့မှ အနက်ရောင် Nissan Teana ကားတစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး သူမသည် မောင်းခရိုင်၊ နိုင်မောင်းကျေးရွာအုပ်စုအရောက် အဆိုပါယာဉ်ပေါ်မှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။



ပြစ်မှုကျူးလွန်ခံရသူ အမျိုးသမီးတွင် တရုတ်နိုင်ငံကူးလက်မှတ်ပါရှိပြီး ရိုက်နှက်နှိပ်စက်ခံထားရသည့် လက္ခဏာများ ရှိနေသည်။ သူမ၏ နှုတ်ခမ်းများ ရောင်ရမ်းနေပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာဒဏ်ချက် ပွန်းပဲ့ရာများစွာ ရှိနေခဲ့သည်။
ထို့နောက် ကမ်ဖန်ဖက် ရဲတပ်ဖွဲ့သည် သံသယရှိသူများ၏ ကားကို နောက်ယောင်ခံ လိုက်လံပိတ်ဆို့ခဲ့ပြီး မောင်းခရိုင်၊ လန်ဒုတ်မိုင်ကျေးရွာအုပ်စုတွင် ကားကို တားဆီးကာ မဲဆောက်ဒေသခံ အမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို ဆုမ်ကရက် (အသက် ၄၁ နှစ်) နှင့် ကစ်တီဖွန် (အသက် ၂၄ နှစ်) ဟု အမည်ဖော်ထုတ်နိုင်ခဲ့သည်။
ကျန်ရှိသော သံသယရှိသူ ၂ ဦးမှာ လွတ်မြောက်သွားခဲ့သော်လည်း တနင်္လာနေ့ ညနေပိုင်းတွင် လန်ဒုတ်မိုင်ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၌ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့မှာ ဆူချတ် (အသက် ၄၁ နှစ်) နှင့် ကစ်တီဆက် (အသက် ၂၂ နှစ်) တို့ ဖြစ်ကြသည်။
အဆိုပါ ရာဇဝတ်ဂိုဏ်းသည် ထိုအမျိုးသမီးကို မဲဆောက်ခရိုင်သို့ ခေါ်ဆောင်သွားပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ လူကုန်ကူး ရောင်းစားရန် ရည်ရွယ်ထားပုံရကြောင်း ရဲတပ်ဖွဲ့က ယူဆထားသော်လည်း အသေးစိတ်မှာ စစ်မေးနေဆဲဖြစ်သည်။
Ref: Bangkok Post






