၂၅.၈.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဘိုးဘွားရိပ်သာ စေတီရှိ ဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတုတော်များ၏ လက်တော်များအား ဖြတ်တောက်ခိုးယူသည့် အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးကို တောင်ငူမြို့၊ ပြည်သူ့ဆေးရုံနောက်ကျော၊ ကျုံးပတ်လမ်း၌ သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
မြို့နယ်အတွင်း ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များက အမှတ် (၁၈) ရပ်ကွက်၊ ကြာနီကန်တွင်နေထိုင်သော အသက် ၁၃ နှစ်အရွယ် မောင်ဇင်မင်းထက်ကို မသင်္ကာ၍ စစ်ဆေးရာမှာ ၎င်း၏ လက်ထဲတွင် အိတ်အမဲဖြင့် ထုပ်ထားသော ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်များ၏ လက်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော်များအား ဖြတ်တောက်ခိုးယူခဲ့သော လူငယ်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ /ကျင့် ၅၄ ဖြင့် တောင်ငူမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကြေးဆင်းတုတော်များ၏ လက်တော်များကို ဖြတ်တောက်သောလူငယ်မှာ မိဘမရှိဘဲ အဘွားဖြစ်သူနှင့်နေထိုင်သူဖြစ်ကြောင်း ကျူးလွန်သူနှင့်နီးစပ်သူတစ်ဦးကပြောသည်။
“၁၃ နှစ်အရွယ်လေးနဲ့ ဘုရားဆင်းတုတော်လက်ကိုဖြတ်တယ်ဆိုတော့ အသက်သာကြီးလာရင် မတွေးဝံ့စရာပဲ။ ထိရောက်တဲ့ အရေးယူမှုလုပ်သင့်တယ်။ ကလေးမှာလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနိုင်လောက်တယ်။ ကလေးကိုလည်း ဂရုစိုက် စောင့်ရှောက်ဖို့လည်း လိုအပ်တယ်”ဟု ဖြစ်စဥ်သိရှိသူ တောင်ငူဒေသခံတစ်ဦးက ပြောသည်။


