နေမိုး
၂၅. ၈. ၂၀၂၆
တနင်္သာရီတိုင်းဒေသကြီး ကံပေါက်ဒေသအတွင်း Delco ကုမ္ပဏီက တရုတ်နိုင်ငံသားအများအပြားခေါ်လာပြီး သတ္တုအကြီးစားတူးဖော်နေမှု ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် တနင်္သာရီ PDF သတိပေးခြိမ်းခြောက်စာထုတ်လာသလို ဆက်လက်လုပ်ဆောင်ပါက အကျိုးဆက်ကို ကုမ္ပဏီကသာ တာဝန်ယူရမည်ဟုပါ ခြိမ်းခြောက်လိုက်သည်။
“မိမိတို့ ကံပေါက်ဒေသရှိ Delco သတ္တုတူးဖော်ရေးကုမ္ပဏီဟာ ၂၀၀၈ ကတည်းက စတင်ပြီး ယခုအချိန်အထိ လုပ်ပိုင်ခွင့်ထက်ကျော်လွန်ကာ စည်းမဲ့ကမ်းမဲ့လုပ်ဆောင်ခြင်းများကြောင့် မြစ်ချောင်း၊ အင်းအိုင်၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံးရသည့်အပြင် မြေယာနှင့် လူနေမှုဘဝများ ထိခိုက်နစ်နာမူရှိပြီး ၎င်းကုမ္ပဏီ၏ ဥပဒေမဲ့လုပ်ဆောင်ချက်များကြောင့် ရရှိလာသော ဆိုးကျိုးများကို နှစ်ပေါင်းများစွာ ခံစားနေရသည်မှာ နယ်မြေခံ ပြည်သူလူထု များဖြစ်ပါသည်။”ဟုလည်း ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။
ထု့်အပြင် ယခုအခါတွင် Delco ကုမ္ပဏီက တရုတ်နိုင်ငံသားရာချီခေါ်လာပြီး နောက်ထပ်အကြီးစား သတ္တုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကံပေါက်တောင်ပေါ်တွင် အဆောက်အဦများ ဆောက်လုပ်နေသည်မှာ သုံးလခန့်ရှိပြီဖြစ်ကြောင်း၊ သတ္တုတူးဖော်ရေးကို အကြောင်းပြပြီး တရုတ်နိုင်ငံသားများနှင့် ကျားဖြန့်လုပ်ငန်းရှင်များပါဝင်၍ လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်နေသည်ကို သတင်းရရှိထားပြီးဖြစ်ကြောင်း၊ ကံပေါက်တောင်မှ ရရှိမည့် ကျောက်သတ္တုကို အမှုန့်ကြိတ်ရန်အတွက် MOGE မှ သဘာဝဓာတ်ငွေ့ဝယ်ယူပြီး Gas ပိုက်လိုင်းသွယ်တန်းကာ Gas တာဘိုင် စက်ရုံလည်ပတ်ဖို့ လုပ်ဆောင်နေကြောင်းလည်း စွပ်စွဲထားသည်။
ထို့ကြောင့် မိမိတို့ကံပေါက်ဒေသ၏ တောတောင်သဘာဝ အလှတရားများ ပျက်စီးခြင်း၊ မိမိတို့ဒေသအတွင်းရှိ ပြည်သူလူထုများ၏ အသက်အိုးအိမ်နှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ပျက်စီးဆုံးရှုံးစေခြင်း၊ ရှေးဟောင်းအမွေအနှစ်များ ပျက်စီးစေသော လုပ်ရပ်များကြောင့် မိမိတို့ အမှတ်(၈၀၀၂)တပ်ရင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သည် ကံပေါက်ဒေသ ဒေသခံပြည်သူများ၏ ဆန္ဒနှင့်အညီ ထိုလုပ်ရပ် များအား ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် ပြင်းပြင်းထန်ထန် သတိပေးအပ်ကြောင်းနှင့် ထိုလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်မည်ဆိုပါက နောက်နောင်ဖြစ်ပေါ်လာမည့် အကျိုးအဆက်များသည် ကုမ္ပဏီ၏ တာဝန်သာဖြစ်ကြောင်း တနင်္သာရီ PDF အဖွဲ့က သတိပေး ခြိမ်းခြောက်ထားသည်။
MT News သတင်းဌာနအနေဖြင့် တနင်္သာရီ PDF များ စွပ်စွဲထားသည့် ဖြစ်စဥ် မှန် မမှန် မြေပြင်အတည်ပြုဆဲသာဖြစ်ပြီး လက်ရှိသတင်းမှာ တနင်္သာရီ PDF အဖွဲ့ဖြစ်သော NUG ဩဇာခံ ကံပေါက် PDF အဖွဲ့ ခြိမ်းခြောက်မှုကိုသာ သတင်းအဖြစ် ပြန်လည်ဖော်ပြခြင်းဖြစ်သည်။
